MySport Myanmar

ဝက်စ်ဟမ်းကို ရှုံးပြီးနောက် ကစားသမားသစ်တွေ ထပ်ခေါ်ဦးမယ်လို့ ပြောလာတဲ့ ပိုချက်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂)မှာ ဝက်စ်ဟမ်းကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပြီးနောက် တိုက်စစ်ပိုင်း အတွက် ကစားသမားသစ်တွေ ထပ်ခေါ်ဦးမယ်လို့ ပြောလာပါတယ်။

ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၂) အဖြစ် လန်ဒန်မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး ပိုချက်တီနိုက ဝက်စ်ဟမ်းနဲ့ ပွဲမှာ အနိုင်ရလဒ် ရရှိရေး အတွက် အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်း ကစားစေခဲ့ပါတယ်။

Photo Credit: Sky Sports

အဖွင့်ပွဲမှာ လီဗာပူးကို အစီးသရေ ရအောင် ကစားနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးက ဝက်စ်ဟမ်းကို လွယ်လင့်တကူ အနိုင်ရရှိလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် အိမ်ရှင် ဝက်စ်ဟမ်းရဲ့ မာမာထန်ထန် ကစားပုံကြောင့် ဧည့်သည် ချယ်လ်ဆီးတို့ ကစားကွက် တည်ဖို့ ခက်ခဲခဲ့ပြီး ပွဲချိန် ၇မိနစ်မှာတင် ဝက်စ်ဟမ်းက နောက်ခံလူ အာဂတ်ရဲ့ သွင်းဂိုးကြောင့် ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ချယ်လ်ဆီးက ချေပဂိုး ပြန်လည် ရရှိဖို့ အတွက် တိုက်စစ်မြှင့်လာခဲ့ပြီး ပွဲချိန် ၂၈မိနစ်မှာ ချူဟွေမီကာက ချယ်လ်ဆီးအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ တဖက် တဂိုးစီ ဖြစ်သွားပြီးနောက် ချယ်လ်ဆီးကသာ ပွဲကို ဆက်လက် စိုးမိုးထားနိုင်ခဲ့ပြီး ပွဲချိန် ၄၂မိနစ်မှာ စတာလင်းကြောင့် ပင်နယ်တီ ရခဲ့ပေမယ့် အဆိုပါ ပင်နယ်တီကို ချယ်လ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်က ဝင်အောင် မကန်နိုင်ခဲ့တာကြောင့် ပထမပိုင်းဟာ ၁-၁ ဆိုတဲ့ ရလဒ်နဲ့သာ ပြီးဆုံးခဲ့ရပါတယ်။

Photo Credit: Standard

ဒုတိယပိုင်းမှာတော့ ပိုချက်တီနိုက ဒဏ်ရာရသွားတဲ့ ချူဟွေမီကာရဲ့ နေရာကို မူဒရစ်ခ် ထည့်သွင်းကာ တိုက်စစ် ထပ်မြှင့်ခဲ့ပေမယ့် တကယ်တမ်း ဂိုးရသွားတဲ့ အသင်းက ဝက်စ်ဟမ်းသာ ဖြစ်ပြီး ဝက်စ်ဟမ်းတိုက်စစ်မှူး အန်တိုနီက ပွဲချိန် ၅၃မိနစ်မှာ ဝက်စ်ဟမ်း အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။

၂-၁ ဆိုတဲ့ ရလဒ် ဖြစ်သွားပြီးနောက် ချယ်လ်ဆီးက တရစပ် တိုက်စစ်ဆင်ကာ ချေပဂိုး ပြန်လည် ရရှိဖို့ အတွက် ကြိုးစားခဲ့ပေမယ့် ဂိုးသွင်း သေချာတဲ့ တိုက်စစ်မှူး မရှိတာကြောင့် ချေပဂိုး ပြန်မရခဲ့ပဲ ပွဲချိန် ၉၀+၅မိနစ်မှာ ချယ်လ်ဆီး ကစားသမားသစ် ကိုင်စီဒိုကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဝက်စ်ဟမ်းကွင်းလယ်လူ ပါကွေတာက အမှားအယွင်း မရှိ အဆုံးသတ်ကာ အိမ်ရှင် ဝက်စ်ဟမ်းအတွက် ဂိုးပြတ်နိုင်ပွဲ တပွဲ ရယူပေးခဲ့ပါတယ်။

ဝက်စ်ဟမ်း ၃-၁ ချယ်လ်ဆီး ပွဲအပြီးမှာတော့ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့သလို သူတို့အသင်းက တိုက်စစ်ပိုင်း အတွက် ကစားသမားသစ်တွေ ထပ်ခေါ်ဦးမယ်လို့လည်း ဆိုလာပါတယ်။ ပိုချက်တီနိုက – “အခုချိန်မှာ အသင်းနဲ့ ကိုက်ညီတဲ့ ကစားသမားသစ်တွေ ခေါ်နိုင်ဖို့ ဆိုတာ မလွယ်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့က တိုက်စစ်ပိုင်း အတွက် ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ ကြိုးစားနေတာပါ။ အသင်းရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေကလည်း ကျွန်တော့်အတွက် ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ အစွမ်းကုန် ကြိုးစားနေမယ် ဆိုတာ သေချာပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version