ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာ အသင်းမှာ နေရာမရဖြစ်နေကာ လက်ရှိမှာ ဂျာမဏီကလပ် ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ ဘရာဇီးလ်ကွင်းလယ် ကစားသမားဖြစ်သူ ကော်တင်ဟိုကို ခေါ်ယူဖို့ အတွက် လျို့ဝှက်စွာ ဆွေးနွေးနေခဲ့တယ်လို့ ဘာစီလိုနာအခြေစိုက် သတင်းတွေက ရေးသား ဖော်ပြသွားခဲ့ကြပါတယ်။ ဘရာဇီးလ် ကစားသမားတွေနဲ့ အကျိုးပေးလေ့ရှိတဲ့ ချယ်လ်ဆီး အသင်းဟာ ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတာဟာ အတော်လေးကို ကြာနေပြီ ဖြစ်ပေမယ့် သတင်းသမားတွေ အနံ့ခံလို့ မရအောင် လုပ်ဆောင်ခဲ့တာကြောင့် သူတို့အနေနဲ့ အခုမှ သိခဲ့ရတယ်လို့ စပိန်အခြေစိုက် သတင်းထောက်တွေက ဖွင့်ဟခဲ့ကြပါတယ်။

Photo Credit: Mirror.com

လီဗာပူးအသင်းနဲ့အတူ ကမ္ဘာ့အဆင့် ခြေစွမ်းကို ပြသနိုင်ခဲ့တာကြောင့် ဘာစီလိုနာအသင်းထံကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ပြောင်းရွှေ့ခွင့်ရခဲ့တဲ့ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းမှာ တစ်ရာသီခွဲကြာအောင် ကစားခဲ့ပေမယ့် ထင်ထားသလို ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့ခြင်း မရှိတာကြောင့် နောက်ဆုံးမှာ ဘိုင်ယန်မြူးနစ်အသင်းထံကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ရပါတယ်။ ဘိုင်ယန် မြူးနစ်အသင်းမှာလည်း ကော်တင်ဟိုဟာ ပုံမှန် ခြေစွမ်းကောင်းတစ်ခုကို ပြသထားနိုင်ခဲ့ပေမယ့် သူ့ရဲ့တန်ကြေးဟာ ကြီးမြင့်လွန်းနေတာကြောင်​့ ဘိုင်ယန်မြူးနစ်အသင်းဟာ ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် လက်တွန့်နေခဲ့ပြီး ဒီအချိန်မှာတော့ ချယ်လ်ဆီးအသင်းဟာ နည်းပြဖြစ်သူ လမ်းပတ်ရဲ့ တောင်းဆိုမှုနဲ့အတူ ကော်တင်ဟိုကို ခေါ်ယူဖို့ ကြိုးစားလာခဲ့တာပါ။

Photo Credit: Mirror.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ် ဟာ အသင်းကနေ ထွက်ခွာတော့မယ့် တောင်ပံ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဝီလီယံ ၊ ပတ်ဒရိုတို့ရဲ့ နေရာအတ​ွက် ကော်တင်ဟိုကို ခေါ်ယူကာ အင်အားဖြည့်တင်းလိုနေတာ ဖြစ်ပြီး ကော်တင်ဟိုဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ကို ပြောင်းရွှေ့သွားတဲ့ ဟာဇက်ရဲ့နေရာကို အစားထိုးနိုင်မယ့်သူအဖြစ် ရှုမြင်နေတယ်လို့လည်း သိထားရပါတယ်။ စပိန်အခြေစိုက် သတင်းထောက်တွေရဲ့ ပြောကြားချက်အရ ချယ်လ်ဆီး အသင်းဟာ ဒေါ့မွန်အသင်းရဲ့ ဆန်ချိုကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ဖူးပေမယ့် ပြောင်းရွှေ့ကြေး မြင့်မားလွန်းတာကြောင့် ကော်တင်ဟိုကို ခေါ်ယူဖို့ပဲ ရွေးချယ်ခဲ့တာဖြစ်ကြောင်းနဲ့ ကော်တင်ဟိုအတွက် ချယ်လ်ဆီးအသင်းဟာ ပြောင်းရွှေ့ကြေး ပေါင်၈၀သန်းဝန်းကျင်ကို ပေးချေသွားမှာ ဖြစ်တယ်လို့လည်း သုံးသပ် ပြောဆို ထားကြပါတယ်။