ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်း ကတော့ ယမန်နေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇မှာ မန်ချက်စတာ စီးတီးအသင်းကို အိမ်ကွင်း စတန်းဘရက်ဖို့ချ်မှာ တစ်ဂိုး သုံးဂိုး ဆိုတဲ့ ရလဒ်နဲ့ အရှက်ရဖွယ် အရေးနိမ့်ခဲ့ပြီး နောက်မှာတော့ အသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်ကို ထုတ်ပယ်ကာ သူ့နေရာမှာ အစားထိုး ခန့်အပ်မယ့် နည်းပြတစ်ဦးကို စတင် ရှာဖွေနေပြီ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရှိ ရပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦးဖြစ်သူ ဖရန့် လမ်းပတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နည်းပြဆာရီရဲ့ နေရာကို အစားထိုး ဝင်ရောက်လာသူ တစ်ဦးဖြစ်ပြီး သူ့ရဲ့ ဘောလုံး ဒဿနတွေ ၊ လူငယ် ကစားသမားတွေကို နေရာ ပေးရဲတာတွေဟာ ချီးကျူးစရာ ဖြစ်ပေမယ့် သူ့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုက အတော်လေးကို မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

Photo Credit: Express

လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းနဲ့ ပထမရာသီမှာ အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ဝင်ရောက်ခွင့်ရအောင် စွမ်းဆောင် ပေးနိုင်ခဲ့တာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်ဟာ မဆိုးလှဘူးလို့ သတ်မှတ်လို့ ရပေမယ့် အသင်းကြီး အချင်းချင်း ထိပ်တိုက် တွေ့ဆုံမှုတွေမှာ လမ်းပတ်ရဲ့ ချယ်လ်ဆီးအသင်း ဟာ အတော်လေးကို စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့တာကို မြင်တွေ့ရပါတယ်။ အထူးသဖြင့် လမ်းပတ်ဟာ လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ သူဌေးဖြစ်သူ ရိုမန် အေဘရာမိုဗစ်ချ် လက်အောက်မှာ အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေ အနက် စွမ်းဆောင်ရည် အညံ့ဖျင်းဆုံး နည်းပြအဖြစ် မှတ်တမ်း ဝင်နေတာက လမ်းပတ်ရဲ့ ချယ်လ်ဆီးနည်းပြ ရာထူးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်စေပါတယ်။

Photo Credit: Express

အင်္ဂလန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ချယ်လ်ဆီး အသင်းရဲ့ တာဝန်ရှိသူတွေဟာ မန်ချက်စတာ စီးတီးအသင်းကို အိမ်ကွင်းမှာ အရှက်ရဖွယ် အရေးနိမ့်ခဲ့ အပြီးမှာ လမ်းပတ်ရဲ့ နေရာအတွက် အစားထိုးနိုင်မယ့် နည်းပြတစ်ဦးကို ရှာဖွေနေပြီး လက်ရှိ မှာတော့ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဟောင်း တူချယ်နဲ့ ဂျူဗင်တပ်အသင်းရဲ့ နည်းပြဟောင်း အယ်လီဂရီနီ တို့က ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေကြောင်း သိရပါတယ်။ လမ်းပတ်ကလည်း ယမန့်နေ့ ပွဲအပြီးမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး စိုးရိမ်နေရတဲ့ အကြောင်းကို အရိပ်အမြွက် ဖွင့်ဟ ထားတာကြောင့် လာမယ့် ပွဲစဉ်တွေမှာသာ ရလဒ်ကောင်း တစ်စုံတစ်ရာ ရရှိအောင် မစွမ်းဆောင်နိုင်ပါက ယခု ဇန်နဝါရီလ မကုန်ခင်မှာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြ အပြောင်းအလဲကို မြင်ရဖွယ် ရှိပါတယ်။