လန်ဒန်မြို့ အခြေစိုက် ပရီးမီးယားလိဂ်အသင်း တသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းက ယခု နွေဈေးကွက် အတွင်းမှာ သူတို့အသင်းကို စွန့်ခွာသွားတဲ့ အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ချယ်လ်ဆီး လူငယ်ကြယ်ပွင့် ဂါလက်ချာကို အမိအရ ခေါ်ယူရန် ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး သတင်းဌာနတွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

ဝက်စ်ဟမ်းက အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို မြို့ခံပြိုင်ဘက် အာဆင်နယ်ထံ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၁၀၅သန်းနဲ့ ရောင်းချပြီးနောက် ဒီကလန်ရိုက်စ်ကို ရောင်းချရာ ကနေ ရလာတဲ့ ပိုက်ဆံတွေနဲ့ ကွင်းလယ်ကို အားဖြည့်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Times

လတ်တလောမှာ ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ကွင်းလယ်ခံစစ် ကစားသမား တဦးနဲ့ အသင်းရဲ့ ကွင်းလယ်ကို ဦးဆောင် ကစားမယ့် ဗဟိုကွင်းလယ်လူ တဦးတို့ကို ရှာဖွေနေပြီး ချယ်လ်ဆီး ကွင်းလယ်လူ ဂါလက်ချာဟာ ဝက်စ်ဟမ်းရဲ့ နံပါတ်တစ်ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဂါလက်ချာက ချယ်လ်ဆီးရဲ့ နာမည်ကျော် ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး ဂါလက်ချာဟာ ဗဟိုကွင်းလယ် ၊ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံတိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: The Sun

ဂါလက်ချာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးနဲ့အတူ အထိုက်အလျောက် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက သူ့ရဲ့ ခြေစွမ်းကို သဘောမကျတာကြောင့် ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေနဲ့ တိုင်ပင်ကာ ဂါလက်ချာကို အရောင်းစာရင်း တင်ခဲ့ပြီး ဂါလက်ချာကလည်း ချယ်လ်ဆီးမှာ သူ့အတွက် နေရာမရှိတော့ကြောင်း သိပြီးနောက် အသင်းပြောင်းဖို့ လက်ခံခဲ့ပါတယ်။

ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေရဲ့ တညီတညွတ်ထဲ ဖော်ပြချက်တွေအရ ဝက်စ်ဟမ်းက ယနေ့မနက်မှာ ဂါလက်ချာအတွက် ချယ်လ်ဆီးထံ ပေါင် ၄၀သန်းတန် ကမ်းလှမ်းမှု တရပ် ပေးပို့ခဲ့ပေမယ့် ချယ်လ်ဆီးက ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချသွားခဲ့ပြီး လက်ရှိမှာ ဝက်စ်ဟမ်းက ဂါလက်ချာအတွက် နောက်ထပ်တကြိမ် ကမ်းလှမ်းမှု ထပ်လုပ်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။