ပရီးမီးယားလိဂ် နာမည်ကြီး အသင်း တစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ အကယ်ဒမီထွက် လူငယ် ကြယ်ပွင့် ကစားသမား ဖြစ်သူ အိုဒွိုင်းအတွက် ဘိုင်ယန်မြူးနစ်အသင်းက ကမ်းလှမ်းလာတဲ့ ပေါင် ၇၀သန်း တန် ကမ်းလှမ်းမှုတစ်ခုကို ပယ်ချသွားခဲ့ကြောင်း အင်္ဂလန် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အိုဒွိုင်းဟာ ချယ်လ်ဆီးအသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး အကယ်ဒမီထွက် ကစားသမားတွေထဲမှာ ပါရမီအမြင့်မားဆုံး ကစားသမား အဖြစ် အကယ်ဒမီနည်းပြတွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသလို အနာဂတ်မှာ အင်္ဂလန်အသင်း အတွက် အားကိုးရမယ့် ကစားသမား ဖြစ်လာမယ့်သူ အဖြစ် ထင်ကြေးပေးခံထားရသူ တစ်ဦးပါ။

Photo Credit: Goal

အိုဒွိုင်းဟာ လက်ရှိအချိန်မှာ တည်ငြိမ်တဲ့ ခြေစွမ်းကောင်း တစ်ခုကို ထုတ်ပြနိုင်ခြင်း မရှိသေးပေမယ့် သူ့ရဲ့ တိုးတက်နိုင်စွမ်းနဲ့ အလားအလာတွေကြောင့် ဂျာမန် အင်အားကြီး အသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ အိုဒွိုင်းကို ခေါ်ယူဖို့ ကြိုးစားလာတာပါ။ အထူးသဖြင့် ဘိုင်ယန်မြူးနစ် အသင်းရဲ့ နည်းပြဖြစ်တဲ့ ဖလစ်ဟာ အိုဒွိုင်းရဲ့ ခြေစွမ်းကို အလွန် သဘောကျသူ ဖြစ်ပြီး မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း အိုဒွိုင်းကို ထိပ်သီး ကစားသမား ဖြစ်လာမယ့်သူ လို့ ချီးကျူး ပြောဆို သွားခဲ့ပါတယ်။ ယမန်နေ့ညပိုင်းမှာ ရရှိခဲ့တဲ့ သတင်းတွေအရ ဘိုင်ယန်မြူးနစ် အသင်းဟာ နည်းပြဖြစ်သူ ဖလစ်ရဲ့ တောင်းဆိုချက်အရ အိုဒွိုင်းကို ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

Photo Credit: Goal

ဒါပေမယ့် ယနေ့မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ချယ်လ်ဆီးအသင်းဟာ အိုဒွိုင်းကို အသင်းရဲ့ အနာဂတ် ကစားသမား အဖြစ် ရှုမြင်နေပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချသွားခဲ့ကြောင်း သိရှိ ရပါတယ်။ သတင်းတွေ အရတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ အိုဒွိုင်းကို တစ်ရာသီအငှား + ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ဆိုတဲ့ ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ကြောင်း သိရှိရပြီး ချယ်လ်ဆီးအသင်း ကတော့ အဆိုပါ ကမ်းလှမ်းမှုကို စိတ်မဝင်စားပဲ အိုဒွိုင်းကိုသာ အသင်းမှာ ဆက်ပြီး ထိန်းသိမ်းသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အိုဒွိုင်းဟာ မကြာသေးမီကမှ ချယ်လ်ဆီးအသင်းနဲ့ အတူ စာချုပ်သစ် ချုပ်ဆိုထားသူ တစ်ဦး ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားပေမယ့် အသင်းပြောင်းရွှေ့ခွင့် ရဖို့ ချယ်လ်ဆီးအသင်းကို ဖိအားပေး တောင်းဆိုသွားမှာ မဟုတ်ပဲ အသင်းရဲ့ ဆုံးဖြတ်ချက်ကိုသာ လိုက်နာမယ်လို့ ဆုံးဖြတ်ထားကြောင်း သိရှိ ရပါတယ်။