စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းဟာ အခု နွေစျေးကွက်အတွင်းမှာ ကစားသမားများစွာကို ခေါ်ယူအားဖြည့်ထားခဲ့ပြီး ချယ်လ်ဆီးအသင်းကနေလည်း ကစားသမား(၂)ဦးကိုပါ ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးကစားသမားတွေဖြစ်တဲ့ တိုမိုရီနဲ့ ဂျရူးတို့ကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ မီလန်အသင်းဟာ အခုလည်း ချယ်လ်ဆီးအသင်းသားတစ်ဦးဖြစ်တဲ့ ကွင်းလယ်ကစားသမား ဟာကင်ဇီယက်ရှ်ကိ တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ ထပ်မံကမ်းလှမ်းလာခဲ့ပေမယ့် ချယ်လ်ဆီးဘက်တော့ ဒီကမ်းလှမ်းချက်ကို ပယ်ချသွားခဲ့ပါတယ်။

Phot Credit : Bergaag

အသက်(၂၈)နှစ်အရွှယ်ရှိ မော်ရိုကိုလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဟာကင်ဇီယက်ရှ်ဟာ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်း အေဂျက်စ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၃၉)ပွဲအထိကို ပါဝင်ကစားခဲ့ပြီး (၆)ဂိုးသွင်းယူနိုင်ခဲ့ကာ (၄)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဇီယက်ရှ်ဟာ ချယ်လ်ဆီးအသင်းဆီ စတင်ရောက်ရှိလာခဲ့ချိန်က ပွဲထွက်ခွင့်တွေ အတော်လေးကို ရရှိခဲ့ပေမယ့် အသင်းကို နည်းပြတူဟယ်လ် ရောက်ရှိလာပြီးနောက်မှာ သူရဲ့ပွဲထွက်ကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : HelloNiceWorld

ဒါကြောင့်လည်း အေစီမီလန်အသင်းကနေ ဇီယက်ရှ်ကို ခေါ်ယူသွားဖို့ စတင်ပစ်မှတ်ထားလာခဲ့ရတာဖြစ်ပြီး အီတလီနာမည်ကျော် Calciomercato သတင်းမီဒီယာကနေ ဖော်ပြလာချက်တွေအရ မီလန်ဟာ ဇီယက်ရှ်ကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက်ပါ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ချယ်လ်ဆီးဘက်ကတော့ ဒီကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။ Calciomercato ရဲ့ ဆက်လက်ဖော်ပြချက်တွေအရတော့ ချယ်လ်ဆီးအသင်းဟာ ဇီယက်ရှ်ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတစ်သင်းသင်းအနေနဲ့ အငှားကမ်းလှမ်းချက်ထက် အပြီးသတ်ခေါ်ယူမယ့် ကမ်းလှမ်းမှုမျိုးနဲ့သာ ကမ်းလှမ်းလာမှ လက်ခံသွားနိုင်လိမ့်မယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ကစားသမားသစ် ခေါ်ယူမှုထက် အသင်းမှာ ပိုလျှံလျက်ရှိနေတဲ့ ကစားသမားတွေကိုပဲ ဆက်တိုက်ရှင်းထုတ်နေတာဖြစ်ပြီး ဒီလိုရှင်းလင်းရေးစာရင်းထဲမှာ မနှစ်ကမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ ဇီယက်ရှ်ပါ ပါဝင်လာဖွယ် ရှိနေပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ချယ်လ်ဆီးအသင်းမှာပဲ ဆက်လက်ရှိသွားချင်ပြီး ပုံမှန်နေရာတစ်နေရာ ရရှိသွားဖို့အတွက်ကိုသာ ဆက်လက်တိုက်ပွဲဝင်သွားချင်နေပါတယ်။