ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ ထိပ်သီးပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဘင်ဖီကာ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ကို စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းထောက် အဒမ် နယူးဆန်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးနောက် တသင်းလုံးနီးပါးကို သွေးသစ်လောင်းမှုတွေ လုပ်ဆောင်နေတဲ့ အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဖိုဖာနာ ၊ ကူကူရယ်လာ ၊ ကူလီဘလီ ၊ စတာလင်း ၊ ချူဟွေမီကာ ၊ အူဘာမီယန်း ၊ ဆလိုနာနီ ၊ ဇာကာရီယာ (အငှား) စတဲ့ ကစားသမားတွေကို ပြောင်းရွှေ့ကြေး ယူရို ၃၀၀သန်း နီးပါး သုံးစွဲကာ ခေါ်ယူခဲ့ပါတယ်။

Photo Credit: Record

နွေဈေးကွက်ထဲမှာ ပြောင်းရွှေ့ကြေး ယူရို ၃၀၀သန်း နီးပါး သုံးစွဲခဲ့ပေမယ့် ချယ်လ်ဆီးက သူတို့ရဲ့ ကစားသမား ဖြည့်တင်းမှုကို မရပ်တန့်သေးပဲ ယခုလအတွင်းမှာတင် မိုလ်ဒီ လူငယ်ကြယ်ပွင့် ဖိုဖာနာနဲ့ ဗက်စကိုဒါဂါးမား လူငယ်ကြယ်ပွင့် အန်ဒရေ ဆန်းတို့စ်တို့ကို ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းနီးပါး သုံးစွဲကာ ထပ်မံ ခေါ်ယူထားပါသေးတယ်။

ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် အဒမ် နယူးဆန်ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရထားတဲ့ အန်ဇို ဖာနန်ဒက်အား စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ခေါ်ယူဖို့ အဆင်သင့် ရှိနေကြောင်း ဘင်ဖီကာရဲ့ တာဝန်ရှိသူတွေနဲ့ အန်ဇို ဖာနန်ဒက်ရဲ့ အေးဂျင့်ဖြစ်သူထံ အသိပေးထားကြောင်း သိရပါတယ်။

Photo Credit: Record

ဘင်ဖီကာကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမား အန်ဇို ဖာနန်ဒက်ကို ဆောင်းဈေးကွက် အတွင်းမှာ မဆုံးရှုံးချင်တာကြောင့် အန်ဇို ဖာနန်ဒက်ကို ဆောင်းဈေးကွက် အတွင်း ခေါ်ယူချင်ရင် စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၂၀သန်း ပေးချေရမယ်လို့ အတိအလင်း ထုတ်ပြောထားပြီး ချယ်လ်ဆီးကတော့ အန်ဇို ဖာနန်ဒက်ကို အခြားအသင်းတွေထက် လက်ဦးမှု ရယူကာ ခေါ်ယူချင်တာကြောင့် ယခု ဆောင်းဈေးကွက်မှာတင် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းကျော် ပေးချေကာ ခေါ်ယူဖို့ စီစဉ်နေကြောင်း နောက်ထပ် နာမည်ကြီး သတင်းထောက် ကင်ဆယ်လာက ထုတ်ဖော် ပြောကြားထားပါတယ်။