ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက ပြောင်းရွှေ့ကြေးများစွာ သုံးစွဲပြီး ကစားသမားသစ်တွေကို ခေါ်ယူခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ဒီနှစ်နွေမှာလည်း အလားတူ ငွေကြေးသုံးစွဲမှုတွေကို ထပ်မံပြုလုပ်သွားဖွယ် ရှိလို့နေကာ လတ်တလောမှာတော့ အသင်းရဲ့ အဓိကပစ်မှတ်တွေဖြစ်တဲ့ နော်ဝေကြယ်ပွင့် တိုက်စစ်ကစားသမား အာလင်းဟာလန်းနဲ့ အင်တာမီလန် ညာနောက်ခံကစားသမား ဟာကီမီတို့ကို ခေါ်ယူနိုင်ဖို့အတွက် အသေအချာကို ကြိုးပမ်းလျက်ရှိနေပါတယ်။

Photo Credit : 90Min

အသက်(၂၂)အရွှယ်ရှိ မော်ရိုကိုလက်ရွေးစင် ညာနောက်ခံကစားသမား ဟာကီမီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ ရီးယဲလ်မက်ဒရစ်ကနေ အင်တာမီလန်အသင်းဆီကို ယူရို(၄၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စီးရီးအေမှာ အထူးခြေစွမ်းပြသနိုင်ခဲ့သလို အင်တာအသင်းကိုလည်း စီးရီးအေ ချန်ပီယံဆု ပြန်လည်ရယူနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဟာကီမီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အင်တာအသင်းအတွက် စီးရီးအေသွင်းဂိုး (၇)ဂိုးအထိကို သွင်းယူထားခဲ့သလို ဂိုးဖန်တီးမှုကိုလည်း (၁၀)ဂိုးအထိ လုပ်ဆောင်ထားကာ ခံစစ်ပိုင်းမှာရော တိုက်စစ်အပိုင်းမှာပါ အသင်းအတွက် အားထားရတဲ့ ကစားသမားတစ်ယောက်အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီလို စွမ်းဆောင်ရည်ကောင်းတွေနဲ့ ပြည့်နက်နေတဲ့ လူငယ်ကြယ်ပွင့်လေး ဟာကီမီကို လတ်တလောမှာတော့ ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီအသင်းတွေကနေ အပြိုင်အဆိုင် စိတ်ဝင်စားလို့နေတဲ့အပြင် ဟာကီမီရဲ့အေးဂျင့်ဖြစ်သူ ကာမာနိုကိုယ်တိုင်ကပါ သူရဲ့ကစားသမားအနေနဲ့ ဒီနှစ်နွေစျေးကွက်အတွင်း အင်တာမီလန်ကနေ ထွက်ခွာသွားနိုင်တယ်လို့ ထုတ်ဖော်ပြောကြားထားတဲ့အတွက် ဒီအသင်းတွေအနေနဲ့ ဟာကီမီကို ရရှိနိုင်ရေးအတွက် အသည်းအသန် ကြိုးပမ်းနေတာဖြစ်ပါတယ်။ နာမည်ကျော် သတင်းမီဒီယာကြီး Daily Mail ရဲ့ ဖော်ပြချက်အရ ဟာကီမီကို အရခေါ်ယူသွားနိုင်ဖို့အတွက် ချယ်လ်ဆီးအသင်းဘက်ကနေ ပြင်ဆင်လျက်ရှိနေပြီး ဟာကီမီကို ပြောင်းရွှေ့ကြေး ပေါင်(၅၂)သန်းအပြင် စပိန်နောက်ခံအစွန်လူ မားကို့စ်အလွန်ဆိုကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ပါ အလိုက်ပေးပြီး ကမ်းလှမ်းဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒီကမ်းလှမ်းချက်ကို အင်တာမီလန်အသင်းဘက်ကနေ စိတ်ဝင်စားလာနိုင်ပြီး သူတို့ကစားသမားအတွက်ကိုလည်း ပေါင်သန်း(၆၀)လောက် အလိုရှိနေတာဖြစ်လို့ အခုလို ပြောင်းရွှေ့ကြေးရော ကစားသမားတစ်ယောက်ကိုပါ အလိုက်ပေး ကမ်းလှမ်းမှုကို လက်ခံသွားဖွယ် ရှိနေပါတယ်။