MySport Myanmar

ယူနိုက်တက် ပစ်မှတ် ကွင်ဒါကို ကြားဖြတ် ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင် အလိုရှိနေတဲ့ စပို့တင်း လစ္စဘွန်းအသင်းက လူငယ်ကြယ်ပွင့် ကစားသမားလေး ဂျီယိုဗန်နီ ကွင်ဒါကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ ဖာဘရီဇီယို ရိုမာနိုကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

အသက်(၁၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ပေါ်တူဂီ ကစားသမားလေး ကွင်ဒါဟာ စပို့တင်း လစ္စဘွန်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး right-winger အဖြစ်ရော right wing-back အဖြစ်ပါ ကစားနိုင်သူ ဖြစ်သလို နည်းပြအမော်ရင်လက်ထက်မှာ တအားတောက်ပလာခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit : Goal

ဒီနှစ်ဘောလုံးရာသီမှ စပို့တင်း စီနီယာအသင်းအတွက် ကစားခွင့် ရလာခဲ့တဲ့ ကွင်ဒါဟာ အခုဆိုရင် ဒီရာသီမှာပဲ အသင်းအတွက် ပြိုင်ပွဲစုံ (၄၃)ပွဲအထိတောင် ကစားထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု (၈)ကြိမ်အထိတောင် လုပ်ဆောင်ပေးထားနိုင်ပါတယ်။ ဒါ့အပြင် ကွင်ဒါက ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက်ပါ ရွေးချယ်ခံလာရပါတယ်။

ဒီလို အရည်အသွေးကောင်းတွေ ပြည့်ဝနေတဲ့ ကွင်ဒါကို သူ့ဆရာဟောင်း အမော်ရင်က ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့်လည်း အခုတော့ ချယ်လ်ဆီးအသင်းက ကွင်ဒါအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး လျှို့ဝှက်စွာ လှုပ်ရှားသွားခဲ့ပြီး အခုတော့ သဘောတူညီမှု ရသွားခဲ့သလို အပြောင်းအရွှေ့က here we go ဖြစ်သွားခဲ့ပါတယ်။

Photo Credit : Transfermarket

ချယ်လ်ဆီးအသင်းဟာ ပေါ်တူဂီ ယူ-၂၁ ကစားသမားလေးကို ခေါ်ယူဖို့အတွက် ကလပ်အသင်း အချင်းချင်း သဘောတူညီမှု ရရှိနိုင်ခဲ့သလို ကွန်ဒါကိုယ်တိုင်ကလည်း ချယ်လ်ဆီးရဲ့ ပရောဂျက်နဲ့ နည်းပြအင်ဇို မာရက်စကာရဲ့ အစီအစဉ်တွေကို ခေါင်းညိတ်သွားခဲ့ပါတယ်။ ဒါ့အပြင် ဆေးစစ်မှုတွေကိုပါ လုပ်ဆောင်ခဲ့ပြီး လာမယ့် ၂၀၂၆မှာ ကွင်ဒါက ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့ဟာ ချယ်လ်ဆီးရဲ့ အရည်အသွေးမြင့် လူငယ်ကစားသမားတွေ စုဆောင်းတဲ့ မဟာဗျူဟာနဲ့ ကိုက်ညီပြီး မာရက်စကာရဲ့ အသင်းဖွဲ့စည်းမှုမှာ အဓိက အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လာနိုင်ပါတယ်။ ၂၀၂၆ မှာ စတန်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိလာတဲ့အခါ ပရိသတ်တွေအနေနဲ့ ဒီပေါ်တူဂီကြယ်ပွင့်ရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ရဖို့ စိတ်လှုပ်ရှားနေကြမှာ သေချာပါတယ်။

Exit mobile version