လေဗာကူဆင်အသင်းမှာ ကွင်းလယ်နေရာ နဲ့ တောင်ပံနေရာ၊ (၂) နေရာမှာ လိုအပ်သလို ကစားတဲ့ ကိုင်းဟာဗက်ဇ်ကို ချဲလ်ဆီးအသင်းက ပေါင် (၇၂) သန်းနဲ့ အပြီးသတ် ခေါ်ယူဖို့ သဘောတူညီမှုတွေ ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်လို့ အင်္ဂလန် အခြေစိုက်သတင်းတွေက အခိုင်အမာ ဖော်ပြလာခဲ့ကြပါတယ်။ ချဲလ်ဆီးအသင်းဟာ ကိုင်းဟာဗက်ဇ်ကို ပေါင် (၇၂) သန်းနဲ့ ခေါ်ယူပြီးရင် စွမ်းဆောင်ရည် အပေါ်မှာ မူတည်ပြီး နောက်ထပ် ပေါင် (၁၈) သန်း ထပ်ပေးသွားရမှာ ဖြစ်ပြီး လက်ရှိရာသီ အပြောင်းအရွေ့မှာ ပေါင် သန်း (၂၀၀) နဲ့ အထက် အသုံးပြုတဲ့ အသင်း အဖြစ် မှတ်တမ်းဝင်သွားနိုင်ချေ ရှိနေပါတယ်။

 

Photo Credit: TheSun

ချဲလ်ဆီးအသင်းဟာ အရင်က အသင်းရဲ့ သမိုင်းမှာ ဈေးအကြီးဆုံး ခေါ်ယူမှု အဖြစ် လက်ရှိ အသင်း ဂိုးသမား ကီပါကို လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာ ပေါင် (၇၁) သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ဟာဗက်ဇ်ကို ပေါင် (၇၂) သန်းနဲ့ ခေါ်ယူမယ် ဆိုရင် အသင်းရဲ့ သမိုင်းမှာ ဈေးအမြင့်ဆုံး ခေါ်ယူမှု အသစ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ချဲလ်ဆီအသင်းဟာ လေဗာကူဆင်အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ကိုင်းဟာဗက်ဇ်ကို ကာလရှည် (၅) နှစ် စာချုပ်နဲ့ ခေါ်ယူသွားမှာ ဖြစ်ပြီး ကိုင်းဟာဗက်ဇ်ကတော့ လက်ရှိရာသီမှာ နည်းပြ လမ်းပတ်ရဲ့ (၆) ယောက်မြောက် ကစားသမားသစ် ခေါ်ယူမှု ဖြစ်လာနိုင်ချေ အလွန် များနေပါတယ်။

Photo Credit: TheSun

နည်းပြ လမ်းပတ်ဟာ လာမယ့် ရာသီသစ်အတွက် ကစားသမား အင်အား ထပ်ဖြည့်တဲ့ အနေနဲ့ ဝါနာ၊ ဇီယက်စ်၊ ဆားလ်၊ ဘင်ချီဝဲလ် နဲ့ သီယာဂို ဆေးလ်ဗား စတဲ့ ကစားသမား (၅) ဦးကို ခေါ်ယူသွားခဲ့ပြီ ဖြစ်ပြီး အခုလည်း ကိုင်း ဟာဗက်စ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ရမှတ် (၆၆) မှတ်နဲ့ အဆင့် (၄) နေရာကို ရရှိခဲ့တာကြောင့် လာမယ့် ရာသီသစ်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားတာ ဖြစ်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဆုဖလား စိန်ခေါ်နိုင်ဖို့ ကစားသမားသစ်တွေ ထပ်ဖြည့်လျက် ရှိပါတယ်။