ချယ်လ်ဆီးအသင်းက လာမယ့်ဘောလုံးရာသီအတွက် ပြင်ဆင်မှုတွေကို အားကောင်းကောင်းနဲ့ လုပ်ဆောင်လျက်ရှိနေပြီး ကွင်းလယ်ကစားသမားဇီယက်ရှ်နဲ့ တိုက်စစ်မှူးတီမိုဝါနာတို့ကို ခေါ်ယူခဲ့ပြီးနောက်မှာ ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန်ကွင်းလယ်ခံစစ်ကစားသမား ဒစ်ကလန်ရိုက်စ်ကိုပါ ထပ်မံခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေပြီး တကယ်လို့ ဒီနွေစျေးကွက်အတွင်းမှာပဲ ရိုက်စ်ကို ခေါ်ယူနိုင်မယ်ဆိုရင် ကွင်းလယ်ပိုင်းထက် ခံစစ်နေရာမှာသာ ပြောင်းလဲသုံးစွဲသွားဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဒစ်ကလန်ရိုက်စ်ဟာ ချယ်လ်ဆီးအကယ်ဒမီကနေ ပေါ်ထွက်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ကာ လူငယ်အသင်းမှာ (၈)နှစ်တာအထိ ဖြတ်သန်းခဲ့ဖူးသလို လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမားဖြစ်တဲ့ မေဆန်မောင့်နဲ့လည်း အသင်းဖော်တွေ ဖြစ်ခဲ့ဖူးပါတယ်။ ရိုက်စ်ဟာ ၂၀၁၅ခုနှစ်ကနေစတင်ပြီး ဝက်စ်ဟမ်းစီနီယာအသင်းမှာ ပါဝင်ကစားခဲ့ရသလို အသင်းရဲ့ ကွင်းလယ်ပိုင်းမှာလည်း ပုံမှန်ပွဲထွက်ကစားခွင့်တွေကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

Photo Credit : TEAMtalk

ချယ်လ်ဆီးအသင်းရဲ့နည်းပြဖြစ်သူ ဖရန့်လမ်းပတ်က လာမယ့်ရာသီအတွင်း အသင်းကို အင်အားမြင့်တင်ရမှာ အင်္ဂလန်ကစားသမားတွေကိုလည်း ခေါ်ဆောင်ချင်နေတဲ့အတွက် သူတို့ရဲ့ ကစားသမားဟောင်းဖြစ်ခဲ့ဖူးတဲ့ ဒစ်ကလန်ရိုက်စ်ကို ပြောင်းရွှေ့ကြေး ပေါင်(၄၅)သန်းနဲ့ ခေါ်ယူဖို့အတွက် ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရိုက်စ်ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ သူပုံမှန်ကစားနေကြ ကွင်းလယ်ခံစစ်နေရာမှာ အသုံးပြုသွားဖို့ထက် ဗဟိုခံစစ်မှာပဲ ပြောင်းလဲသုံးစွဲဖွယ်ရှိနေပြီး အသင်းရဲ့ခံစစ်ပိုင်းမှာ ရူဒီဂါ ဒါမှမဟုတ် ခရစ္စတန်ဆန်နဲ့ တွဲဖက်ကစားစေဖွယ် ရှိနေပါတယ်။ ရိုက်စ်ကလည်း ဒီနောက်ပိုင်းပွဲစဉ်တွေအတွင်းမှာ ဝက်စ်ဟမ်းရဲ့ခံစစ်ပိုင်းအတွင်း ဗဟိုခံစစ်မှူးတစ်ယောက်အဖြစ် ပါဝင်ကစားနေရတာဖြစ်လို့ လမ်းပတ်ကပါ သူ့ကို အသင်းဆီ ခံစစ်မှူးတစ်ယောက်အနေနဲ့သာ ခေါ်ဆောင်ချင်နေတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နောက်ထပ်ခံစစ်တန်းနေရာတစ်ခုဖြစ်တဲ့ ဘယ်ခြမ်းခံစစ်ပိုင်းအတွက်ကိုလည်း လက်စတာနောက်ခံလူ ဘင်ချီဝဲလ် အေဂျက်စ်နောက်ခံလူ တာဂလီယာဖီဂိုနဲ့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကာဇာဝါတို့ကို ပစ်မှတ်ထားလျက်ရှိနေပါတယ်။