စပိန်နိုင်ငံရဲ့ နာမည်ကြီးသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Don Balon ကနေ ဖော်ပြလာခဲ့ သတင်းအချက်အလက်များအရ လာမယ့်ဘောလုံးရာသီမှာ ပြင်ဆင်မှုပေါင်းများစွာကို လုပ်ဆောင်သွားဖို့ရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ ဂျုဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကိုပါ အံ့အားသင့်စဖွယ် ပစ်မှတ်ထားလို့နေပြီး နွေစျေးကွက်အတွင်း အသင်းဆီ ခေါ်ဆောင်သွားဖို့ အစီအစဉ်ရှိနေတယ်လို့ သိရှိလာခဲ့ရပါတယ်။

Photo Credit : Marca

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက မီလန်မြို့မှာ အခြေစိုက်ထားတဲ့ ရေဒီယိုချန်နယ်တစ်ခုကနေ လာမယ့်နွေစျေးကွက်အတွင်း ရော်နယ်ဒိုအနေနဲ့ ဂျုဗင်တပ်စ်အသင်းက ထွက်ခွာရဖွယ်ရှိနေပြီး ဂျုဗင်တပ်စ်ကလည်း ဘဏ္ဍာရေးအခက်အခဲရှိနေချိန်မှာ လုပ်ခလစာအရမ်းမြင့်မားလှတဲ့ ရော်နယ်ဒိုကို ပြန်လည်ရောင်းချဖွွယ်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာအများစုမှာလည်း ရော်နယ်ဒိုဟာ လာမယ့်နွေမှာ ဂျုဗင်တပ်စ်ကိုစွန့်ခွာပြီး သူမကျင်လည်ဖူးသေးတဲ့ ဘွန်ဒစ်လီဂါ ဒါမှမဟုတ် ပြင်သစ်လီဂူးပြိုင်ပွဲတွေဆီ ပြောင်းရွှေ့လိမ့်မယ်လို့ပါ ကောလဟာလသတင်းတွေ ဆက်တိုက်ဖော်ပြခဲ့ကြပါသေးတယ်။

Photo Credit : Goal

ဒီလို အနာဂတ်မတည်မငြိမ်ဖြစ်နေရတဲ့ ရော်နယ်ဒိုဟာ လက်ရှိမှာလည်း ပရီးမီးယားလိဂ်ထိပ်သီးကလပ် ချယ်လ်ဆီးအသင်းနဲ့ပါ အံ့အားသင့်စဖွယ် ထွက်ပေါ်လာခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းဟာ လာမယ့်ဘောလုံးရာသီအတွက် ပြင်ဆင်မှုတွေအားကောင်းကောင်းနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး အေဂျက်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဟာကင်ဇီယက်ရှ်ကို ခေါ်ယူထားနိုင်ပြီဖြစ်သလို လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဝါနာကိုပါ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပါတယ်။ ဒါတွေအပြင် အခုလည်း ဘလွန်းဒီအော (၅)ကြိမ်ပိုင်ဆိုင်ထားတဲ့ ရော်နယ်ဒိုကိုလည်း အံ့အားသင့်ဖွယ် ပစ်မှတ်ထားလာခဲ့ပြီး ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဗရာမိုဗစ်ချ်မှာလည်း ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်စ်နဲ့ကလည်း ပေါင်းသင်းဆက်ဆံရေးကောင်းတွေ ရှိနေတာဖြစ်လို့ ရော်နယ်ဒိုကို ခေါ်ယူရာမှာ အဆင်ပြေနိုင်ဖွယ်ရှိနေတယ်လို့ TEAMtalk သတင်းမီဒီယာကနေ သုံးသပ်ဖော်ပြသွားခဲ့ပါတယ်။