လာမယ့် နွေဈေးကွက်အတွင်းမှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာသွားရဖွယ် ရှိနေတဲ့ ဘရာဇီးလ် စူပါစတား တိုက်စစ်ကစားသမား နေမာကို အရ ခေါ်ယူသွားဖို့အတွက် ချဲလ်ဆီးအသင်းက စိတ်ဝင်စားလျက် ရှိနေပြီး ပြင်သစ်ကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရဆိုရင် နေမာရဲ့အပြောင်းအရွှေ့အတွက် ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလေကိုယ်တိုင် ပီအက်စ်ဂျီ ဥက္ကဌ အယ်လ်ခါလိုင်ဖီနဲ့ပါ တွေ့ဆုံ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Photo Credit : Eurosport

နေမာဟာ ပီအက်စ်ဂျီအသင်းရဲ့ ထိပ်တန်း ကစားသမားတစ်ဦး ဖြစ်နေပေမယ့် ပီအက်စ်ဂျီက လာမယ့်နွေမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် လီယွန်နယ်မက်ဆီကို စာချုပ်သစ် ချုပ်ဆိုသွားဖို့ လုပ်ဆောင်ရင်းနဲ့ အသင်းမှာ အားကစား ဒါရိုက်တာ ကမ်းပို့စ် အပါအဝင် အသင်းသားတချိ့နဲ့ပါ အဆင်မပြေ ဖြစ်နေသူ နေမာကိုပါ ရောင်းထုတ်သွားဖို့ စဉ်းစားလာခဲ့ပါတယ်။ ဒီလို အနာဂတ် အခြေအနေ လှုပ်ခတ်လာခဲ့တဲ့ နေမာကိုလည်း ပိုင်ရှင်သစ် လက်ထက်မှာ ကစားသမားသစ်တွေ အမြောက်အများ ခေါ်ယူထားတဲ့ ချဲလ်ဆီးအသင်းက စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Football London

၂၀၂၂-၂၀၂၃ ဘောလုံးရာသီထဲ ကစားသမား ခေါ်ယူမှုအတွက် ပေါင်သန်း (၆၀၀)နီးပါးလောက်အထိ အသုံးပြုထားခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ လာမယ့် ဈေးကွက်တွေအတွင်းမှာပါ နောက်ထပ် ထိပ်တန်း ကစားသမားတွေကို ထပ်မံ ခေါ်ယူသွားဖို့ ရှိနေပြီး လက်ရှိမှာတော့ အသင်း အပြောင်းအလဲ လုပ်ဆောင်ရနိုင်တဲ့ နေမာကို ပစ်မှတ်ထားလာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက နွေနဲ့ ဆောင်းဈေးကွက်တွေထဲ အသင်းတိုက်စစ်ပိုင်းအတွက် စတာလင် အူဘာမီယန်း ဂျာအိုဖီးလစ် မူဒရစ်ခ် မာဒူအက်ခေ ဖိုဖာနာတို့ကို ခေါ်ယူထားခဲ့ပေမယ့် စတာလင် အူဘာမီယန်းတို့ရဲ့ အနာဂတ်က မရေရာတော့သလို ဂျာအိုဖီးလစ်ကိုပါ အပြီးသတ် ခေါ်ယူ မယူဆိုတာ မဆုံးဖြတ်ရသေးတာကြောင့် တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦးလောက် ထပ်မံ ခေါ်ယူရဖွယ် ရှိနိုင်ပြီး ဒီအချိန်မှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲရဖို့ ရှိလာခဲ့တဲ့ နေမာကို အာရုံကျလာခဲ့ပါတယ်။ နေမာဟာ ချဲလ်ဆီးအသင်း အရမ်း လိုချင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး နေမာလို လစာမြင့်မားလှတဲ့ ကစားသမားမျိုးကို အသေအချာ ကမ်းလှမ်းနိုင်မယ့် အနည်းငယ်သော အသင်းတွေထဲမှာလည်း ချဲလ်ဆီး ပါဝင်နေပါတယ်။ လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင် ဘိုလေနဲ့ ပီအက်စ်ဂျီ ဥက္ကဌ အယ်လ်ခါလိုင်ဖီတို့ဟာ နေမာရဲ့အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေပါ စတင် လုပ်ဆောင်နေပြီလို့ သိရှိရပါတယ်။