ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီတို့ဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ပိုလန်ဂိုးသွင်းစက် လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၃ဦး စာရင်းဝင် တိုက်စစ်မှူး တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံ ၄၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅၀ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ရော်ဘတ် လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်ရဲ့ မရှိမဖြစ် တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်ပေမယ့် သူနဲ့ ဘိုင်ယန်မြူးနစ်တို့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းက ၁နှစ်ကျော်သာ ကျန်တော့သလို လီဝမ်ဒေါစကီးကလည်း ဘိုင်ယန်မြူးနစ်နည်းပြ နစ်ဂယ်စမန်းနဲ့ ဆက်ဆံရေး မပြေလည်တာကြောင့် လာမယ့် နွေအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချထားပါတယ်။

လက်ရှိမှာတော့ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ အဆက်မပြတ် ပြုလုပ်နေသလို လီဝမ်ဒေါစကီးကလည်း ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကာ တဖက်မှာ ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးတို့ကပါ လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်တွေ အရ သိရပါတယ်။

Photo Credit: Sky Sports

ပီအက်စ်ဂျီဟာ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို ဆုံးရှုံးရဖို့ ရှိနေတာကြောင့် လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ကြံစည်နေတာ ဖြစ်သလို ချယ်လ်ဆီးကလည်း သူတို့ရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ဖို့ လီဝမ်ဒေါစကီးကို အလိုရှိနေကာ လီဝမ်ဒေါစကီးကတော့ သူ့ရဲ့ နံပါတ်တစ် ရွေးချယ်မှု အဖြစ် ဘာစီလိုနာကို ရွေးချယ်ထားပြီး ဘာစီလိုနာဆီ မပြောင်းရွှေ့နိုင်မှသာ ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးတို့ထဲက တသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားဖွယ် ရှိကြောင်း နာမည်ကြီး ဂျာမန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနက ဆိုပါတယ်။