ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းနဲ့ လာမယ့်ကြားရက် ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ရင်ဆိုင်သွားရမယ့် အီတလီ စီးရီးအေထိပ်တန်းကလပ် ဂျုဗင်တပ်စ်အသင်းရဲ့ အီတလီကြယ်ပွင့်ကစားသမား ဖရက်ဒရစ်ကိုခီယေဇာကို လာမယ့် နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း အရခေါ်ယူသွားဖို့ ဆန္ဒရှိလို့နေပြီး ကမ်းလှမ်းမှုတွေကိုလည်း အသေအချာ လုပ်ဆောင်သွားဖွယ် ရှိနေတယ်လို့ အီတလီကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရှိရပါတယ်။

Photo Credit : The Sun

အသက်(၂၃)နှစ်အရွှယ်ရှိ အီတလီလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ခီယေဇာဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲ ချန်ပီယံဖြစ်ခဲ့တဲ့ အီတလီအသင်းနဲ့အတူ တောက်ပခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၂ဝခုနှစ် နွေစျေးကွက်အတွင်းကမှ ဖီအိုရင်တီးနားအသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီကို (၂)ရာသီ အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်သလို အငှားသက်တမ်း ပြည့်မြောက်သွားခဲ့ရင်လည်း ယူရိုသန်း(၅၀)(အပိုုဆုကြေး အပါအဝင်)နဲ့ အပြီးသတ် ပြောင်းရွှေ့ခွင့်ကိုပါ ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ခီယေဇာဟာ ဂျုဗင်တပ်စ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်နေရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း အသင်းအတွက် ပြိုင်ပွဲစုံ (၄၃)ပွဲခန့်အထိကို ပါဝင်ကစာထားခဲ့ပြီး သွင်းဂိုးစုစုပေါင်း (၁၄)ဂိုး သွင်းယူထားနိုင်ပါတယ်။

Photo Credit : The Sun

ယူရိုချန်ပီယံ အီတလီအသင်းနဲ့ ပိုမိုကျော်ကြားလာခဲ့တဲ့ ခီယေဇာကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့တာကြောင့် ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်း ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ကြပေမယ့် ဂျုဗင်တပ်စ်အသင်းကတော့ ခီယေဇာကို အသင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး လာမယ့်နှစ်မှာလည်း စာချုပ်အတွင်း ထည့်သွင်းချုပ်ဆိုထားအတိုင်း အပြီးသတ် ခေါ်ယူဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နွေစျေးကွက်ကတည်းက ခီယေဇာကို အလိုရှိခဲ့တဲ့ ကလပ်အသင်းတွေထဲမှာ အပါအဝင် ဖြစ်ခဲ့ရတဲ့ ချယ်လ်ဆီးအသင်းကတော့ လာမယ့်နွေစျေးကွက်အတွင်းမှာပဲ ခီယေဇာကို အရခေါ်ယူသွားဖို့ ဆုံးဖြတ်ထားပြီး ခီယေဇာအတွက် ဂျုဗီနဲ့ ဖီအိုရင်တီးနားတို့ သဘောတူညီထားတဲ့ အပြီးသတ်ခေါ်ယူမှု တန်ကြေးထက် ပိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ အီတလီနိုင်ငံကနေ ထွက်ပေါ်နေတဲ့ သတင်းအရစ်အမြစ်တွေအရ ချယ်လ်ဆီးအသင်းဟာ ခီယေဇာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၈၅)သန်းလောက်အထိကို သုံးစွဲဖွယ်ရှိနေပြီး ဖီအိုရင်တီးနားအသင်းဘက်ကလည်း ခီယေဇာကို ဂျုဗီထက် ပြောင်းရွှေ့ကြေးပိုများတဲ့ ချယ်လ်ဆီးအသင်းဆီကိုသာ ရောင်းချဖွယ် ရှိနေပါတယ်။