ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ နော်ဝေ လူငယ် တိုက်စစ်မှူး ဟာလန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90Min သတင်းဌာနက အခိုင်အမာ ဖော်ပြသွားပါတယ်။

ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ ယခုနှစ် နွေဈေးကွက် အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိက အင်အားဖြည့်တင်းဖို့ စီစဉ်ထားတဲ့ အသင်း ဖြစ်ပြီး လတ်တလောမှာတော့ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းနဲ့ စပါးအသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းတို့ဟာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ်တွေပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဒါပေမယ့် စပါးအသင်းဟာ ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း ပေးချေမှ ရောင်းချဖို့ ဆုံးဖြတ်ထားသလို ချယ်လ်ဆီးအသင်းဟာ စပါးအသင်းရဲ့ မြို့ခံပြိုင်ဘက် ဖြစ်တာကြောင့် ဟယ်ရီကိန်းအနေနဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ မဖြစ်နိုင်တာကြောင့် ချယ်လ်ဆီးအသင်းဟာ ဒေါ့မွန်အသင်းရဲ့ နော်ဝေ လူငယ် တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ဦးစားပေး ကြိုးစားနေတာပါ။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ နော်ဝေ လူငယ် တိုက်စစ်မှူး ဟာလန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၁ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၄၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၂ကြိမ်အထိ ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Standard

ဒါကြောင့်ပဲ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ဟာလန်းကို ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90Minရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ လာမယ့် ရက်ပိုင်း အတွင်းမှာပဲ ဟာလန်းအတွက် တရားဝင် ကမ်းလှမ်းမှု တခုကို ပြုလုပ်ဖို့ စီစဉ်နေကာ ဟာလန်းအတွက် ဒေါ့မွန်အသင်းက မငြင်းဆန်နိုင်တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်းနဲ့ စတင် ကမ်းလှမ်းမယ်လို့ သိရပါတယ်။

ဒေါ့မွန်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၇၃သန်းနဲ့ ရောင်းချဖို့ သဘောတူညီမှု ရယူထားတာကြောင့် ဟာလန်းကို အသင်းမှာ ဆက်လက် ထိန်းသိမ်းဖို့ ဆန္ဒရှိနေပေမယ့် အကယ်၍ ချယ်လ်ဆီးအသင်းကသာ ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း အထိ ပေးမယ်လို့ ကမ်းလှမ်းလာပါက ဟာလန်းကို ရောင်းချဖွယ် ရှိနေပါတယ်။