MySport Myanmar

ဒဏ်ရာလူသား ဖြစ်နေတဲ့ အသင်းခေါင်းဆောင် ရစ်စီဂျိမ်းစ်ကို ရောင်းထုတ်တော့မယ့် ချယ်လ်ဆီး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက အသင်းခေါင်းဆောင်ရာထူးကို ရရှိပြီးနောက် မကြာခဏ ဆိုသလို ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တဲ့ အဓိက ညာနောက်ခံလူ ရစ်စီဂျိမ်းစ်ကို ရောင်းထုတ်တော့မယ်လို့ အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန်လက်ရွေးစင် ညာနောက်ခံလူ ရစ်စီဂျိမ်းစ်က ချယ်လ်ဆီးရဲ့ နာမည်ကျော် ကော့ဘ်ဟမ်း အကယ်ဒမီထွက် အရည်အသွေးမြင့် ညာနောက်ခံလူ တဦး ဖြစ်ပြီး ရစ်စီဂျိမ်းစ်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှ စတင်ကာ ချယ်လ်ဆီးအတွက် ပါဝင် ကစားခွင့် ရနေသူပါ။

Photo Credit: Football 365

ရစ်စီဂျိမ်းစ်က မြန်နှုန်းမြင့် ကစားသမား တဦး ဖြစ်သလို သူ့ရဲ့ အင်တိုက်အားတိုက် တိုက်စစ်လိုက်ပါ ကစားနိုင်စွမ်းကြောင့် ချယ်လ်ဆီးပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်နေပြီး ရစ်စီဂျိမ်းစ်ဟာ ၂၀၂၃ခုနှစ် ၊ ဩဂုတ်လ ၉ရက်နေ့မှာပဲ ချယ်လ်ဆီးရဲ့ အသင်းခေါင်းဆောင် အဖြစ် တရားဝင် ခန့်အပ်ခံခဲ့ရပါတယ်။

ရစ်စီဂျိမ်းစ်က အသင်းခေါင်းဆောင် မဖြစ်ခင်မှာ ချယ်လ်ဆီးရဲ့ အဓိက ကစားသမား ဖြစ်ခဲ့ပေမယ့် အသင်းခေါင်းဆောင်ရာထူးကို ရယူပြီးနောက် မကြာခဏ ဒဏ်ရာတွေ ရရှိခဲ့ပြီး ရစ်စီဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မတူညီတဲ့ ဒဏ်ရာပြဿနာ ၄ခုကြောင့် ရက်ပေါင်း ၁၄၆ရက် အထိ အနားယူခဲ့ရပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာလည်း ရစ်စီဂျိမ်းစ်က ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၄၅၂မိနစ်သာ ကစားပေးထားနိုင်ပြီး သူက ၂၀၂၃ ၊ ဒီဇင်ဘာလ ၁၁ရက်နေ့မှ စတင်ကာ ဒဏ်ရာခွဲစိတ်မှုတွေကြောင့် ကာလရှည် အနားယူနေရပါတယ်။

Photo Credit: The Times

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ရစ်စီဂျိမ်းစ်အပေါ် စိတ်ရှည်သည်းခံမှု အားနည်းလာပြီး ချယ်လ်ဆီးဟာ အသင်းရဲ့ ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းဖို့ နောက်ဆုံး ၂ရာသီ အတွင်းမှာ ၁နှစ် နီးပါး အနားယူနေရတဲ့ ရစ်စီဂျိမ်းစ်ကို လာမယ့် နွေဈေးကွက်မှာ ရောင်းထုတ်ဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒန်ကန် ကတ်စတယ်ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက လာမယ့် နွေဈေးကွက်မှာ အကယ်ဒမီထွက် ကစားသမားတွေ ဖြစ်ကြတဲ့ ရစ်စီဂျိမ်းစ်နဲ့ ဂါလက်ချာတို့ကို ရောင်းထုတ်ဖို့ စီစဉ်နေပြီး ချယ်လ်ဆီးဟာ ရစ်စီဂျိမ်းစ်နဲ့ ဂါလက်ချာတို့ နှစ်ဦးပေါင်း အတွက် ပေါင် ၁၀၀သန်း ဝန်းကျင် ရရှိဖို့ မျှော်လင့်ထားကြောင်း သိရှိရပါတယ်။

Exit mobile version