နွေရာသီအပြောင်းအရွှေ့စျေးကွက် မပိတ်သိမ်းခင်မှာ အသင်းရဲ့ပစ်မှတ်ဖြစ်နေတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ကစားသမား ဒစ်ကလန်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ အသည်းအသန်ကြိုးပမ်းလို့နေတဲ့ ချယ်လ်ဆီးအသင်းဟာ ရိုက်စ်ကို အရခေါ်ယူနိုင်ဖို့က ခက်ခဲလွန်းနေတာဖြစ်လို့ နောက်ထပ် အရည်အသွေးမြင့် ကွင်းလယ်ခံစစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ဂါနာကွင်းလယ်လူ သောမတ်စ်ပါတေးကိုပဲ နွေစျေးကွက်မပိတ်သိမ်းခင်လေးအတွင်းမှာ ခေါ်ယူသွားဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : HITC

ချယ်လ်ဆီးအသင်းရဲ့နည်းပြဖရန့်လမ်းပတ်က ဒစ်ကလန်ရိုက်စ်ကို အသင်းဆီ ခေါ်ဆောင်ချင်နေပြီး ကွင်းလယ်မှာရော လိုအပ်ရင် ခံစစ်နေရာမှာပါ အသုံးပြုသွားဖို့ စီစဉ်ထားခဲ့ပေမယ့် နွေစျေးကွက်အတွင်း အသုံးစရိတ်တွေ အရမ်းများနေထားခဲ့တဲ့အပြင် ရိုက်စ်ရဲ့တန်ကြေးကလည်း မြင့်မားလွန်းနေတာကြောင့် ခေါ်ယူနိုင်ဖို့က ခက်ခဲနေခဲ့ရပါတယ်။ ဒါကြောင့် ဒီနွေစျေးကွက်အတွင်း အာဆင်နယ်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်နေတဲ့ ဂါနာလက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား သောမတ်စ်ပါတေးကိုပဲ ချယ်လ်ဆီးဘက်ကနေ ကြားဖြတ်ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်တယ်လို့ Guardian သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Metro

အသက်(၂၇)နှစ်အရွှယ်ရှိ ကွင်းလယ်ကစားသမား ပါတေးက အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်နေပေမယ့်လည်း လက်ရှိမှာ အာဆင်နယ်က ပါတေးထက် လိုင်ယွန်ကွင်းလယ်လူ ဟူစိန်အာဝါကိုပဲ ပိုမိုအလိုရှိနေတာကြောင့် ချယ်လ်ဆီးဘက်ကနေ ပါတေးကိုသာ သူရဲ့စာချုပ်လျော်ကြေးပမာဏဖြစ်တဲ့ ပေါင်(၄၅)သန်းနဲ့သာ ကမ်းလှမ်းနိုင်ခဲ့မယ်ဆိုရင်တော့ အသက်လက်တီကိုအသင်းကလည်း သူတို့ကစားသမားကို လက်လွတ်သွားနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းက ဒီရာသီမှာ ပေါင်သန်း(၂၅၀)ကျော်လောက်အထိ ငွေကြေးသုံးစွဲမှုတွေကို လုပ်ဆောင်ထားပြီး ခံစစ်ပိုင်းအတွက်ကိုလည်း ဘန်ချီဝဲလ် သီယာဂိုဆေးဗားတို့ကိုပါ ခေါ်ယူထားခဲ့ပေမယ့် လက်ရှိချိန်ထိ အသင်းရဲ့ခံစစ်ပိုင်းမှာ လိုအပ်ချက်တွေ အားနည်းချက်တွေ ရှိနေသေးတာကြောင့် ခံစစ်အားသန်တဲ့ ကွင်းလယ်လူတစ်ယောက်ကို ထပ်မံခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ နွေစျေးကွက်မပိတ်သိမ်းခင်မှာလည်း အသင်းရဲ့ခံစစ်ကစားသမားတွေဖြစ်တဲ့ ရူဒီဂါ အလွန်ဆိုနဲ့ အီမာဆန်တို့ကိုလည်း အသင်းကနေ ရောင်းထုတ်ဖို့ ပြင်ဆင်လို့နေပြီး လူငယ်တောင်ပံကစားသမားလေး ဟတ်ဆန်အိုဒွိုင်းကိုလည်း ဘိုင်ယန်မြူးနစ်အသင်းဆီ တစ်ရာသီအငှားနဲ့ အငှားချသွားဖို့ စီစဉ်လို့နေပါတယ်။