ချယ်လ်ဆီးအသင်းကတော့ လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဝါနာကို သူရဲ့စာချုပ်လျော်ကြေးအတိုင်း ပေါင်(၅၂)သန်းနဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီး လာမယ့်နွေစျေးကွက်ဖွင့်ချိန်မှာ အသင်းဆီ အရခေါ်ယူနိုင်တော့မှာဖြစ်သလို အခုလည်း နောက်ထပ် ဂျာမန်ကြယ်ပွင့် ကစားသမားတစ်ဦးဖြစ်တဲ့ လေဗာကူဆင်အသင်းရဲ့ Playermaker ဖြစ်သူ ကိုင်းလ်ဟားဗက်ဇ်ကို ခေါ်ယူသွားဖို့အတွက် ဟန်ပြင်လာခဲ့ပြီး အသင်းမှာ ဝါနာနဲ့ဟားဗက်ဇ်တို့ ဂျာမန်ကစားသမားနှစ်ယောက်ကို တွဲဖက်အသုံးပြုသွားဖို့ စီစဉ်နေခဲ့ပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းဟာ အသက်(၂၀)အရွှယ်ရှိ ဂျာမန်လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင်ကစားသမား ကိုင်းလ်ဟားဗက်ဇ်ကို ရီးရဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ် မန်ချက်စတာယူနိုက်တက်အသင်းတို့အပြိုင် ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့နီးစပ်လို့နေတဲ့ ဝီလီယံနဲ့ ပတ်ဒရိုနေရာအတွက် အစားထိုးသွားချင်နေတာဖြစ်ပါတယ်။ လေဗာကူဆင်ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အသင်းမှာ အနည်းဆုံးတစ်ရာသီလောက် ထိန်းသိမ်းထားချင်နေပြီး ရောင်းချရမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေးကို အနည်းဆုံး ပေါင်(၇၅)သန်းလောက်အထိကို အလိုရှိနေတာဖြစ်ပါတယ်။

Photo Credit : Daily Mail

အခုတလော ဥရောပအသင်းပေါင်းများစွာရဲ့ စိတ်ဝင်စားခြင်းကို ပိုင်ဆိုင်နေရတဲ့ ကိုင်းလ်ဟားဗက်ဇ်ဟာ အသက်(၁၇)နှစ်အရွှယ်မှာပဲ လေဗာကူဆင်စီနီယာအသင်းအတွက် ပွဲဦးထွက်ကစားခွင့်ရခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း အသင်းခေါင်းဆောင် အသင်းရဲ့အဓိက ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ဟားဗက်ဇ်ဟာ ဒီရာသီမှာ လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ (၃၈)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၁၅)ဂိုး သွင်းယူထားခဲ့သလို ဂိုးဖန်တီးမှုပေါင်းလည်း (၈)ကြိမ်အထိ ပြုလုပ်လို့ထားပါတယ်။ Transfermarket ဝက်ဆိုဒ်ရဲ့ ဖော်ပြချက်တွေအရ ဟားဗက်ဇ်ရဲ့ လက်ရှိတန်ကြေးမှာ ယူရို(၈၁)သန်းလောက်အထိကို ရှိနေတာဖြစ်ပြီး လေဗာကူဆင်ကတော့ ဟားဗက်ဇ်အတွက် ယူရိုသန်းတစ်ရာလောက်အထိကို အလိုရှိနေတာဖြစ်လို့ အသင်းတိုင်းအတွက် ခက်ခဲနိုင်ပါတယ်။ အခုလို ဟားဗက်ဇ်ကို ပစ်မှတ်ထားနေတဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီအတွက် အေဂျက်စ်ကွင်းလယ်ကစားသမား ဟာကင်ဇီယက်ရှ်ကို ခေါ်ယူထားခဲ့သလို လက်စတာဘယ်နောက်ခံလူ ဘန်ချီဝဲလ် လိုက်ပစ်ဇ်တိုက်စစ်မှူး တီမိုဝါနာနဲ့ အေဂျက်စ်ဂိုးသမား အိုနာနာတို့ကို ဆက်လက်ခေါ်ယူသွားဖွယ်ရှိနေပါတယ်။