ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ကစားသမား တချို့ဟာ လက်ရှိအချိန်မှာ ပိတ်ဆို့မှုတွေ များစွာနဲ့ ကြုံနေရတဲ့ ချယ်လ်ဆီးကို စွန့်ခွာဖို့ သူတို့ရဲ့ ရှေ့နေတွေနဲ့ တိုင်ပင်နေကြကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

လက်ရှိ ဥရောပ ချန်ပီယံ ချယ်လ်ဆီးဟာ မကြာသေးမီမှ ကမ္ဘာ့ကလပ်ဖလားကို ရရှိ ပိုင်ဆိုင်ခဲ့တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် ဗြိတိန်အစိုးရက ရုရှားအစိုးရနဲ့ နီးစပ်တဲ့ ချယ်လ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ရာကနေ ချယ်လ်ဆီးကိုပါ ထိခိုက်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Football London

ရုရှားသန်းကြွယ်သူဌေး အေဘရာမိုဗစ်ဟာ ချယ်လ်ဆီးကို ၂၀၀၃ခုနှစ်မှ စတင်ကာ ပိုင်ဆိုင်ခဲ့သူ တဦး ဖြစ်ပြီး သူက ချယ်လ်ဆီးကို အလယ်အလတ် အဆင့်ကနေ ဥရောပ ချန်ပီယံ ဖြစ်တဲ့ သူ့လက် ၊ သူ့ခြေနဲ့ ပြုစု ပျိုးထောင်ပေးခဲ့သူ တဦး ဖြစ်ပေမယ့် တဖက်မှာ ချယ်လ်ဆီးရဲ့ ဝင်ငွေ ၊ ထွက်ငွေတွေ အားလုံးကို သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေစေခဲ့သူပါ။

အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီးရဲ့ ဝင်ငွေ ၊ ထွက်ငွေတွေ အားလုံးကို ထိန်းချုပ်ထားတာကြောင့်ပဲ ဗြိတိန်အစိုးရက အေဘရာမိုဗစ်ချ် အပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ချိန်မှာ ချယ်လ်ဆီးရဲ့ ဘဏ်အကောင့်တွေပါ ပိတ်ဆို့ခံခဲ့ရပြီး လက်ရှိအချိန်မှာ ချယ်လ်ဆီးက ကစားသမားတွေကို စာချုပ်သစ် မချုပ်ဆိုနိုင်တော့သလို လုပ်ခလစာတွေလည်း ပေးချေဖို့ ခက်ခဲနေကာ ယုတ်စွအဆုံး အသင်းရဲ့ နည်းပြတွေ ၊ ကစားသမားတွေ အတွက် ဓာတ်ဆီတွေကိုတောင် မဝယ်ပေးနိုင်တော့ဘူးလို့ သိရပါတယ်။

Photo Credit: Football London

ဒီအချက်တွေကြောင့်ပဲ ချယ်လ်ဆီး ကစားသမား တချို့ဟာ သူတို့ရဲ့ ရှေ့နေတွေနဲ့ တိုင်ပင်ကာ အသင်းကို စွန့်ခွာဖို့ စဉ်းစားနေကြပြီး အကယ်၍ သူတို့ရဲ့ စာချုပ်တွေကိုသာ ဖျက်သိမ်းခွင့် ရမယ် ဆိုရင် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ အဆင်သင့် ရှိနေကြကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Tele Football သတင်းဌာနက ဆိုပါတယ်။