MySport Myanmar

လူကာကူနေရာ ရစ်ချာလီဆန်နဲ့ အစားထိုးဖို့ အသင်းသားတွေက တူဟယ်လ်ကို တောင်းဆို

အင်တာမီလန်အသင်းဆီကို အငှားပြောင်းရွှေ့မှုနဲ့ ပြန်လည်ပြောင်းရွှေ့သွားတော့မယ့် ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား ရိုမယ်လူလူကာကူရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် အဲဗာတန်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ကို ခေါ်ယူသွားသင့်တယ်လို့ ချယ်လ်ဆီးစီနီယာ ကစားသမားတွေက အသင်းနည်းပြ သောမတ်စ်တူဟယ်လ်ကို တိုက်တွန်းထားကြပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးကို ပြောင်းရွှေ့ကြေး ပေါင်သန်းတစ်ရာနီးပါးလောက်နဲ့ ပြန်လည်ရောက်ရှိလာပြီး အသင်းမှာ လောက်လောက်ငှာငှာ ခြေစွမ်းမပြနိုင်ခဲ့သူ လူကာကူဟာ လက်ရှိမှာ သူရဲ့အသင်းဟောင်း အင်တာမီလန်ဆီ ပြန်လည်ပြောင်းရွှေ့နိုင်တော့မှာဖြစ်လို့ သူ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ရစ်ချာလီဆန် အပါအဝင် ဒမ်ဘီလီ စတာလင်တို့ကို ပစ်မှတ်ထားနေရတာ ဖြစ်ပါတယ်။ လတ်တလော အခြေအနေတွေအရ ချယ်လ်ဆီးဟာ မန်စီးတီးရဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ရာဟင်စတာလင်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပေမယ့်လည်း ချယ်လ်ဆီးအသင်းသားတွေကတော့ စတာလင်ထက် ရစ်ချာလီဆန်ကိုသာ အသင်းအတွက် ခေါ်ယူသွားစေချင်နေပါတယ်။

Photo Credit : The Sun

အသက်(၂၅)နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ဟာ ၂၀၁၇ခုနှစ်ကတည်းက ဝက်ဖို့ဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ်မှာပဲ အဲဗာတန်အသင်းဆီကို မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၁၅၂)ပွဲ ပါဝင်ကစားထားနိုင်ပြီး (၅၃)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ ရစ်ချာလီဆန်ကို ချယ်လ်ဆီးနဲ့အတူ လန်ဒန်မြို့ခံ ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့ကလည်း အလိုရှိနေကြပြီး အဲဗာတန်ဘက်ကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၅၀)လောက်အထိ အလိုရှိနေပါတယ်။ ရစ်ချာလီဆန်ဟာ ရန်လိုမှုရှိတဲ့ ကစားသမား ဆိုပေမယ့်လည်း ဇွဲလုံလအပြည့်နဲ့ ကစားတတ်သူလည်းဖြစ်လို့ ဒီအချက်က ချယ်လ်ဆီးအသင်းသား တချို့အတွက် သဘောကျစရာ တစ်ချက်ဖြစ်လာခဲ့ရပြီး အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ စတာလင် ဒမ်ဘီလီတို့ထက် ရစ်ချာလီဆန်ကိုသာ အသင်းဆီ ခေါ်ဆောင်ပေးဖို့ နည်းပြတူဟယ်လ်ကို တောင်းဆိုထားကြပါတယ်။ အဲဗာတန်ကလည်း ဘောလုံးရာသီ (၃)ရာသီဆက်တိုက် အရှုံးပေးနေတဲ့ အခြေအနေတွေကြောင့် ရစ်ချာလီဆန်လို big name player တစ်ဦးနှစ်ဦးကို မဖြစ်မနေ ရောင်းချရဖွယ် ရှိနေပါတယ်။

Exit mobile version