ချယ်လ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘိုင်ယန် တိုက်စစ်ကစားသမား ဟယ်ရီကိန်းတို့ရဲ့ အခြေအနေတွေကို စောင့်ကြည့်လျက် ရှိနေပြီး တကယ်လို့ ကိန်းက ဘိုင်ယန်မှာ လုံးဝ မပျော်ရွှင်တော့ဘူးဆိုရင် လာမယ့်နွေမှာပဲ ကမ်းလှမ်းမှုတွေ စတင် လုပ်ဆောင်သွားမယ်လို့ သိရှိရပါတယ်။

အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းက ဒီနွေမှာမှ စပါးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် (၈၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိမှာလည်း ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၃၀)အထိ ကစားထားပြီးချိန်မှာ (၂၉)ဂိုးအထိ သွင်းယူထားသလို (၈)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

တကယ်တော့ ဟယ်ရီကိန်းက ဘိုင်ယန်မှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် စပါးကနေ ဘိုင်ယန်ဆီ ရောက်သွားချိန်မှ ဘိုင်ယန်က လိုက်ပ်ဇစ်နဲ့ ကစားရတဲ့ ဂျာမန်စူပါဖလားမှာ ဂိုးပြတ်ရှုံးခဲ့ရသလို ပိုကယ်ဖလားမှာလည်း စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။ ဒါ့အပြင် ဘွန်ဒက်စ်လီဂါမှာလည်း လေဗာကူဆင်နဲ့ (၈)မှတ်ထိ ကွာနေရပြီး ချန်ပီယံလိဂ်မှာပါ လာဇီယိုကို ရှုံးထားရပါသေးတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘိုင်ယန် ပရိသတ်တချို့ကတော့ ဒါဟာ ဟယ်ရီကိန်းရဲ့ ဖလားလက်မဲ့ ကျိန်စာကြောင့်လို့ သတ်မှတ်နေကြသလို ကိန်းက ဘိုင်ယန်ကို စပါးအသင်းလို ဖလားလက်မဲ့အသင်း ဖြစ်လာအောက် ဖန်တီးနေတာလို့ပါ ပြောဆိုလာကြပါတယ်။

Photo Credit : Sky Sports

လတ်တလောမှာလည်း ကိန်းရဲ့ ဘိုင်ယန်မြူးနစ်အသင်းက နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၃)ပွဲဆက်တိုက်မှာပါ ရှုံးပွဲတွေ ကြုံထားရသလို လာဇီယိုနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း Blid ကနေ သတ်မှတ်ထားတဲ့ players rating မှာပါ ကိန်းရဲ့ rating က အတော်လေး ဆိုးရွှားနေခဲ့ရပါတယ်။

အခု Football Insider ရဲ့ ဖော်ပြချက်တွေအရ ဟယ်ရီကိန်းဟာ ဘိုင်ယန်မှာ သိပ်မပျော်ရွှင်တော့ဘူး ဆိုတာကို ချယ်လ်ဆီးအသင်းက သတိထားလာမိတာကြောင့် တကယ်လို့ ကိန်းသာ ဘိုင်ယန်ကနေ ထွက်ခွာချင်လာမယ်ဆိုရင် ကိန်းကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ချယ်လ်ဆီးမှာကလည်း ကိန်းရဲ့ ဆရာဟောင်း ပိုချက်တီနိုလည်း ရှိနေတာမို့ ဒီအပြောင်းအရွှေ့က စောင့်ကြည့်ချင်စရာ ဖြစ်လာပါလိမ့်မယ်။