လိုက်ပ်ဇစ်အသင်းရဲဲ့ ဂျာမန်လက်ရွေးစင် တိုက်စစ်မှူးလေး တီမိုဝါနာကို သူရဲ့ စာချုပ်လျော်ကြေးအတိုင်း ပေါင်(၅၄)သန်းနဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်ဘောလုံးရာသီအတွက်ကို ကြီးကြီးမားမားတွေ ပြင်ဆင်လို့နေပြီး ဝါနာမတိုင်ခင် အေဂျက်စ်အသင်းရဲ့ မော်ရိုကိုကွင်းလယ်ကစားသမား ဟာကင်ဇီယက်ရှ်ကိုလည်း ခေါ်ယူထားပါသေးတယ်။ အခုလည်း ချယ်လ်ဆီးအသင်းဟာ ကွင်းလယ်နဲ့တိုက်စစ်အပြီး အသင်းရဲ့ နောက်တန်းကိုပါ ဆက်လက်အင်အားဖြည့်တင်းဖို့အတွက် လက်စတာနောက်ခံလူ ဘန်ချီဝဲလ်ကို ခေါ်ယူဖို့ စတင်ကြိုးပမ်းနေပြီဖြစ်ပါတယ်။

Photo Credit : Goal.com

ချယ်လ်ဆီးက သူတို့ရဲ့ ဘယ်ခြမ်းခံစစ်နေရာအတွက် လက်စတာရဲ့ အင်္ဂလန်လက်ရွေးစင် နောက်ခံအစွန်လူ ဘန်ချီဝဲလ်ကို အဓိကပစ်မှတ်ထားနေတာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကပါ စတမ်းဖိုဒ့်ဘရစ်ချ်ဆီ ပြောင်းရွှေ့ချင်နေပေမယ့် လက်စတာဘက်ကနေ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပမာဏက များပြားလွန်းနေတာကြောင့် ခေါ်ယူဖို့ ခက်ခဲနေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုခက်ခဲနေသည့်တိုင်အောင် ချယ်လ်ဆီးဘက်ကနေ လက်မလျှော့သေးပဲ လက်စတာအသင်းနဲ့ ဘန်ချီဝဲလ်ရဲ့ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ဆက်လက်ညှိနှိုင်းလို့နေပါတယ်။

Photo Credit : Daily Express

လက်စတာဘက်ကတော့ မနှစ်ကတည်းက အသင်းရဲ့ အမာခံနောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားကို ဆုံးရှံးထားရတာဖြစ်လို့ ဘန်ချီဝဲလ်ကိုလည်း အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်နေပြီး မဖြစ်မနေ ရောင်းချရမယ်ဆိုရင်တော့ ပေါင်သန်း(၈၀)လောက်အထိကို အလိုရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့ ချယ်လ်ဆီးအသင်းကသာ ချန်ပီယံလိဂ်နဲ့ လွဲချော်ခဲ့ပြီး လက်စတာက ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်ခဲ့မယ်ဆိုရင်တော့ ချီဝဲလ်အနေနဲ့ လက်စတာမှာပဲ ဆက်လက်ရှိနေနိုင်ပါတယ်။ ဒီလို အခက်အခဲတွေနဲဲ့ ရင်ဆိုင်နေရတာဖြစ်လို့ ချယ်လ်ဆီးအသင်းက ပေါ်တိုဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်နဲ့ ဘုန်းမောက်အသင်းရဲ့ နောက်ခံလူဟောင်း သူတို့အသင်းသားဟောင်း နာသန်အကီတို့ပါ ပစ်မှတ်ထားနေရတာဖြစ်ပါတယ်။ ဘရာဇီးနောက်ခံလူ တဲလက်စ်ကိုတော့ ချယ်လ်ဆီးနဲ့အပြိုင် ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူဖို့လုပ်ဆောင်နေပြီး အကီကတော့ တကယ်လို့များ ဘုန်းမောက်သာ တန်းဆင်းသွားရမယ်ဆိုရင် အသင်းကနေ ထွက်ခွာနိုင်တာကြောင့် အသင်းဟောင်းချယ်လ်ဆီးဆီ ပြန်လာနိုင်ဖွယ် ရှိနေပါတယ်။