ဘာစီလိုနာအသင်းကတော့ မကြာခင်မှာ ဖွင့်လှစ်တော့မယ့် ဆောင်းရာသီ ဘောလုံးသမားအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းရဲ့ခံစစ်ပိုင်းအတွက် ကစားသမားဖြည့်တင်းမှုတစ်ခုလောက် ပြုလုပ်သွားဖို့ ပြင်ဆင်နေရာ လက်ရှိအသင်းရဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ အဆင်ပြေနိုင်မယ့် တန်ကြေးအသင့်အတင့်ရှိတဲ့ ခံစစ်မှူးတစ်ယောက်ကိုသာ ခေါ်ယူသွားဖွယ်ရှိနေပြီး လတ်တလောမှာတော့ ချယ်လ်ဆီးနောက်ခံလူ အန်တိုနီယိုရူဒီဂါကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo Credit : Football.London

အသက်(၂၇)နှစ်အရွှယ် ဂျာမနီလက်ရွေးစင်နောက်ခံကစားသမား ရူဒီဂါဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ချယ်လ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တွေ ပျောက်ဆုံးလို့နေတဲ့ ကစားသမားဖြစ်ပြီး ပြိုင်ပွဲစုံ(၂)ပွဲသာ ပါဝင်ထားခဲ့ရပါတယ်။ လက်ရှိ ချယ်လ်ဆီးရဲ့နောက်တန်းမှာလည်း ကစားသမားသစ် သီယာဂိုဆေးဗားနဲ့ ဇူးမားတို့က တွဲဖက်ညီညီနဲ့ ခြေစွမ်းပြသလို့နေတာကြောင့် ရူဒီဂါရဲ့အနာဂတ်က ပိုမိုမှေးမှိန်ရဖွယ်ရှိပြီး ချယ်လ်ဆီးဘက်ကလည်း လာမယ့်ဆောင်းစျေးကွက်မှာ ရူဒီဂါကို အသင်းကနေ ရောင်းချဖွယ်ရှိလို့နေပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ ရူဒီဂါကို ဘာစီလိုနာအသင်းဘက်ကနေ ခေါ်ယူသွားဖို့ စတင်ပစ်မှတ်ထားလာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : OneFootball

ဘာစီလိုနာအသင်းက ဇန်နဝါရီစျေးကွက်အတွင်းမှာ သူတို့ရဲ့ အကယ်ဒမီထွက် ကစားသမားဟောင်းဖြစ်တဲ့ စပိန်လက်ရွေးစင် နောက်ခံကစားသမား အဲရစ်ဂါဆီယာကို အဓိကပစ်မှတ်ထားနေတာဖြစ်ပေမယ့် ကစားသမာက ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် ဇန်နဝါရီလမှာ ပြောင်းရွှေ့ကြေးတချို့နဲ့ ခေါ်ယူတာမျိုးထက် သက်တမ်းကုန်ချိန်ရောက်မှသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။ ဒါကြောင့် ဂါဆီယာကို မခေါ်ယူခင် အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းထားဖို့အတွက် ပြောင်းရွှေ့ကြေး အနည်းငယ်သက်သာပြီး အသင်းပြောင်းဖို့လည်း တာဆူလို့နေမယ့် ရူဒီဂါကိုပဲ ကမ်းလှမ်းသွားဖို့ စီစဉ်လာခဲ့ရတာဖြစ်ပါတယ်။ တကယ်တော့ ဘာစီလိုနာအသင်းဟာ ဂျာမန်နောက်ခံလူ ရူဒီဂါအပြင် လီဗာပူးလ်နောက်ခံကစားသမား ဂျိုရယ်မာတစ်ကိုပါ ပစ်မှတ်ထားနေတာဖြစ်ပြီး မာတစ်ကိုတော့ ခံစစ်ပိုင်း ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူးလ်ဘက်ကနေ ရောင်းချသွားမှာမဟုတ်လို့ ရူဒီဂါကိုပဲ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာဟာ လိုင်ယွန်အသင်းရဲ့ နယ်သာလန်တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကိုလည်း ဆောင်းစျေးကွက်မှာ အရခေါ်ယူဖွယ် ရှိနေပါတယ်။