ပြီးခဲ့တဲ့ရက်ပိုင်းလေးအတွင်းမှာပဲ ချယ်လ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံကစားသမား လီရွိုင်းဆာနေးကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ခေါ်ဆောင်သွားချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ကိုယ်တိုင် ဆာနေးကို သဘောကျနေသူ ဖြစ်တာကြောင့် လာမယ့်နွေစျေးကွက်မှာ အရခေါ်ယူဖွယ် ရှိနေတယ်လို့ သတင်းတွေ အတော်လေးကို ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : Youtube

မန်စီးတီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဆာနေးဟာ မနှစ်က နွေစျေးကွက်အတွင်းမှာ မန်စီးတီးကို စွန့်ခွာပြီး မွေးရပ်မြေက ထိပ်တန်းကလပ်အသင်းကြီး တစ်သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဆာနေးဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ပုံမှန်ကစားခွင့်တွေ ဆုံးရှုံးလာရနိုင်သလို သူရဲ့အနာဂတ်ကလည်း လှုပ်ခတ်လာနိုင်တာကြောင့် သူ့ကို ချယ်လ်ဆီးအသင်းဘက်ကနေ စတင်ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Transfermarket

ပထမဆုံး ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရတော့ ချယ်လ်ဆီးအသင်းဟာ ဆာနေးကို ခေါ်ယူဖို့အတွက် ငွေကြေးသုံးစွဲမှုနဲ့ ကမ်းလှမ်းမှာ မဟုတ်ပဲ အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဟာကင်ဇီယာ့ဇ် ဟတ်ဆန်အိုဒွိုင်းနဲ့ ခရစ္စတီယန်ပူလီဆစ်တို့ထဲက တစ်ဦး ဒါမှမဟုတ် နှစ်ဦးလောက်နဲ့ အလိုက်ပေး ကမ်းလှမ်းဖွယ် ရှိတယ်လို့ စတင်သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ လူကာကူ ရောက်လာပြီးနောက် နေရာပျောက်ဖို့ သေချာနေတဲ့ တီမိုဗာနာကို ဆာနေးရဲ့ အပြောင်းအရွှေ့မှာ ထည့်သွင်းလာဖွယ် ရှိနေတယ်လို့ သတင်းတွေ ပြန်ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ဘိုင်ယန်ဘက်ကတော့ သူတို့ရဲ့ တောင်ပံကစားသမား ဆာနေးကို အသင်းကနေ မထွက်ခွာလိုပေမယ့်လည်း လာမယ့်နှစ်လောက်ကြရင် အသင်းမှာ ဆက်လက်ရှိနေဖို့ မသေချာတော့တဲ့ လီဝန်ဒေါစကီးရဲ့ နေရာအတွက် တီမိုဗာနာနဲ့ အစားထိုးဖို့ စိတ်ဝင်စားနေမှာ အသေအချာပါပဲ။ ကစားသမားနှစ်ယောက်လုံးရဲ့လတ်တလော စွမ်းဆောင်ရည်တွေကလည်း အားရစရာ အနေအထားမှာ ရှိမနေတာမို့ ပြောင်းရွှေ့ကြေးတွေ မပါဝင်ပဲ ကစားသမားချင်း အလဲအလှယ် ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။