ချယ်လ်ဆီးအသင်းက ဒီနှစ်ဘောလုံးရာသီအစမှာပဲ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရမှုကြောင့် အသင်းရဲ့ လိုအပ်နေတဲ့ နေရာတွေအတွက် ကစားသမားသစ်တွေကို မခေါ်ယူနိုင်ခဲ့ပဲ အသင်းက ရှိရင်းစွဲကစားသမားတွေ အငှားကနေ ပြန်လည်ရောက်ရှိလာခဲ့တဲ့ လူငယ်ကစားသမားတွေနဲ့ပဲ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို ဖြတ်သန်းခဲ့ရတာဖြစ်ပြီး နေရာပေါင်းစုံမှာ လိုအပ်ချက်တွေရှိနေခဲ့တဲ့အတွက် ရလဒ်တိမ်းစောင်းမှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့်မို့ ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ ကစားသမားသစ်များစွာကို ခေါ်ယူဖို့ရှိနေပြီး ဒီကစားသမားတွေထဲမှာ နောက်ခံအစွန်လူ ကစားသမား ဟာခီးမီးလည်း ပါဝင်လို့နေပါတယ်။

Photo Credit : AS English

အသက်၂၁နှစ်အရွှယ် မော်ရိုကိုနောက်ခံအစွန်လူ ဟာခီးမီးဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ဒီရာသီမှာတော့ ဒေါ့မွန်အသင်းဆီ တစ်ရာသီအငှားနဲ့ သွားရောက်ကစားနေဖြစ်ကာ ဒေါ့မွန်အသင်းမှာ ပုံမှန်နေရာတစ်ခု ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ ကြယ်ပွင့်ကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်လို့နေတဲ့ ဒီကစားသမားလေးကို ဒေါ့မွန်အသင်းဘက်ကနေ အပြီးသတ်ခေါ်ယူချင်နေပေမယ့်လည်း ရီးရဲလ်အသင်းက ဟာခီးမီးကို အငှားချခဲ့စဉ်ကတည်းက အပြီိးသတ်ခေါ်ယူခွင့်မပြုလို့ ချုပ်ဆိုထားခဲ့တာကြောင့် အငှားစာချုပ်ကုန်ဆုံးတာနဲ့ ရီးရဲလ်အသင်းဆီ ပြန်ပို့ရဖွယ်ရှိနေပါတယ်။

Photo Credit : DW

ရီးရဲလ်မက်ဒရစ်အသင်းကနေ ဟာခီးမီးကို လာမယ့်ရာသီအတွင်း အသင်းမှာ ပြန်လည်အသုံးပြုဖွယ်ရှိနေပေမယ့် သူ့ကို အခြားသော ဥရောပအသင်းကြီးတွေကနေ ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေတာကြောင့် အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ခက်ခဲလာနိုင်သလို ချယ်လ်ဆီးအသင်းကလည်း ဟာခီးမီးအတွက် ပေါင်သန်း(၅၀)နဲ့ ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေကို စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ ဟာခီးမီးဟာ နောက်ခံအစွန်နှစ်ဖက်လုံးမှာ ကစားတတ်သူဖြစ်လို့ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ဘယ်နောက်ခံလူ မားကို့စ်အလွန်ဆိုနဲ့ အသက်ကြီးရင့်လှပြီဖြစ်တဲ့ ညာနောက်ခံလူ အသင်းခေါင်းဆောင် အက်စပီလီကွယ်တာတို့ရဲ့နေရာအတွက် အစားထိုးနိုင်မှာဖြစ်ပြီး သန်း(၅၀)လောက်နဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် ရီးရဲလ်ဘက်ကနေလည်း လက်ခံဖွယ်ရှိနေပါတယ်။