MySport Myanmar

ကိုလို မူအာနီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်နေတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား နီကိုလပ်စ် ဂျက်ဆင်ရဲ့ အနာဂတ်ဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေချိန်မှာပဲ ပီအက်စ်ဂျီအသင်းက တိုက်စစ်မှူး ရန်ဒယ် ကိုလို မူအာနီကို ခေါ်ယူဖို့အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင်လိုက်ပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ကိုလို မူအာနီဟာ ၂၀၂၃ ခုနှစ်ကမှ ဂျာမန်ကလပ် ဖရန့်ဖတ်ကနေ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းဆီ ပေါင် ၇၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အီတလီကလပ် ဂျူဗင်တပ်စ်အသင်းထံ အငှားနဲ့ သွားရောက်ကစားခဲ့ပါတယ်။

Photo Credit : ESPN

အသက် ၂၆ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ အီတလီမြေမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ဂျူဗင်တပ်စ်အတွက် ပြိုင်ပွဲစုံ ပွဲ ၂၀ ကစားရာမှာ ၁၀ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ သူ့ကို အပြီးသတ်ခေါ်ယူဖို့ စိတ်အားထက်သန်နေပေမယ့် အခုအခါမှာတော့ ချယ်လ်ဆီးရဲ့ ကြားဝင်လာမှုနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ နာမည်ကြီးသတင်းဌာန L’Equipe ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဟာ မူအာနီအတွက် စတင် ဆွေးနွေးနေပြီလို့ သိရပါတယ်။

နည်းပြအန်ဇို မာရက်စကာရဲ့ ချယ်လ်ဆီးအသင်းဟာ အခုနွေရာသီမှာ အစ်ပ်ဆွစ်ချ်အသင်းကနေ တိုက်စစ်မှူး လီယမ် ဒီလပ်ကိုလည်း ပေါင် သန်း ၃၀ နဲ့ ခေါ်ယူပြီး တိုက်စစ်ပိုင်းကို အားဖြည့်ထားပြီးသား ဖြစ်ပါတယ်။ ချယ်လ်ဆီးတို့ တိုက်စစ်မှူးသစ်တစ်ဦးကို ရှာဖွေလာရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ လက်ရှိတိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်ရဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။ ဂျက်ဆင်ဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ချယ်လ်ဆီးရဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့ပြီး ပြိုင်ပွဲစုံ ပွဲ ၈၀ မှာ ဂိုး ၃၀ အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Chelsea News

ဒါပေမဲ့ သူ့ရဲ့ ဂိုးရှေ့မှာ ထိရောက်မှုမရှိခြင်းနဲ့ စည်းကမ်းပိုင်း အားနည်းမှုတွေကြောင့် ပရိသတ်တွေနဲ့ ဘောလုံးကျွမ်းကျင်သူတွေရဲ့ ဝေဖန်မှုကို အပြင်းအထန် ခံနေရပါတယ်။ အထူးသဖြင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖလာမင်ဂိုအသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာက သူ့အတွက် အရိပ်မည်းကြီး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ တစ်လလောက်က မေလ ၁၁ ရက်နေ့မှာ နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အလားတူ အမှားမျိုး ကျူးလွန်ခဲ့လို့ အနီကတ်နဲ့အတူ သုံးပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပါသေးတယ်။

ချယ်လ်ဆီး ကွင်းလယ်လူဟောင်း ဂျွန် အိုဘီ မီခေးလ်က DAZN ရဲ့ ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်ရင်း ဂျက်ဆင်ရဲ့ အပြုအမူကို အခုလိုပဲ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ “မယုံနိုင်စရာပဲဗျာ။ တကယ့်ကို တုံးအမိုက်မဲလွန်းတဲ့ အမှားပဲ။ သူ့ခေါင်းထဲမှာ ဘာတွေဖြစ်နေလဲ ကျွန်တော်နားမလည်ဘူး။ ပွဲထဲဝင်လာတယ်။ အသင်းက ၂-၁ နဲ့ ရှုံးနေတယ်။ အသင်းက သူ့ကို လိုအပ်နေတဲ့အချိန်မှာ သူက ဒီလိုလုပ်လိုက်တယ်။ နယူးကာဆယ်နဲ့ပွဲမှာလည်း ဒီလိုပဲ။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နိုင်ဖို့ အရမ်းအရေးကြီးတဲ့ပွဲမှာ သူအနီကတ်မိတယ်။ အခုလည်း ဒီလိုထပ်လုပ်ပြန်ပြီ။ ဒီလိုအမှားတွေကို ဆက်တိုက်လုပ်နေလို့ မရဘူး” လို့ မီခေးလ်က ပြောကြားခဲ့ပါတယ်။

Exit mobile version