MySport Myanmar

အသင်း တိုက်စစ်ပိုင်းအတွက် အူဘာမီယန်းကိုပါ ခေါ်ယူဖို့ စဉ်းစားနေတဲ့ ချယ်လ်ဆီး

ဒီရက်ပိုင်းအတွင်းမှာ လူငယ် ကစားသမားလေးတွေကိုပဲ ဆက်တိုက် ခေါ်ယူနေတဲ့ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက်ကိုလည်း ဘင်ဂျမင်ဆက်ကိုလို ဆယ်ကျော်သက် ကစားသမားကို ပစ်မှတ်ထားနေပေမယ့် အသင်းက အလိုရှိနေတဲ့ တိုက်စစ်ကစားသမားစာရင်းထဲမှာ ပီယာအန်းမရစ်ခ်အူဘာမီယန်းပါ အံ့အားသင့်စဖွယ် ပါဝင်နေခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Zing

ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူကို သူရဲ့အသင်းဟောင်း အင်တာမီလန်ဆီ အငှားချခဲ့ရပြီး အခုလက်ရှိမှာလည်း တီမိုဗာနာကိုပါ လိုက်ပ်ဇစ်အသင်းဆီ ပြန်လည် စေလွှတ်ရဖို့ ရှိနေရတဲ့ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းအတွက် ကစားသမား အများအပြားကို ပစ်မှတ်ထားလျက် ရှိနေကာ အသင်းရဲ့ ပစ်မှတ်ကစားသမားစာရင်းမှာ အာဆင်နယ် တိုက်စစ်မှူးဟောင်း အူဘာမီယန်းပါ ပါဝင်နေခဲ့ပါတယ်။ ဖာဘရီဇီယိုရိုမာနိုရဲ့ သတင်းဖော်ပြချက်အရတော့ ချယ်လ်ဆီးဟာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့အတွက် ဆာလ်ဇ်ဘာ့ဂ် တိုက်စစ်ကစားသမားလေး ဆက်ကိုအပြင် ဘာစီလိုနာ တိုက်စစ်ကစားသမားကြီး အူဘာမီယန်းကိုပါ ပစ်မှတ်ထားနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sporting News

အသက်(၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂါဘွန်တိုက်စစ်ကစားသမားကြီး အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဆောင်းဈေးကွက်အတွင်းကမှ အာဆင်နယ်ကနေ ဘာစီလိုနာအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ အလျင်အမြန် အံ့ဝင်ခဲ့ပေမယ့် ဒီဈေးကွက်ထဲမှာပဲ ဘာစီလိုနာဘက်က ရောဘတ်လီဝန်ဒေါစကီဒပါ ထပ်မံ ခေါ်ယူခဲ့တာကြောင့် အူဘာမီယန်းရဲ့ အနာဂတ်က မရေမရာ ဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ တိုက်စစ်ကစားသမားတွေ ဖြည့်တင်းရဖို့ ရှိနေတဲ့ ချယ်လ်ဆီးအသင်းက အူဘာမီယန်းကို အသင်းဆီ ခေါ်ယူဖို့အတွက် ကစားသမားဘက်ကိုု စတင် ဆက်သွယ်လာခဲ့ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ ချယ်လ်ဆီးဘက်က အူဘာမီယန်းကို ခေါ်ယူနိုင်ဖို့အတွက် တရားဝင် ကမ်းလှမ်းမှု တစ်စုံတစ်ရာမှတော့ လုပ်ဆောင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ လတ်တလောမှာတော့ အမေရိကန် ဂိုးသမားလေး ဂေဘရီရယ်ဆလိုနီနာ အက်စတွန်ဗီလာ လူငယ်ကွင်းလယ်ကစားသမားလေး ကာနေးချူကွယ်မယ်ကာတို့ကို ခေါ်ယူထားနိုင်ခဲ့သလို ဘရိုက်တန် ဘယ်နောက်ခံလူ ကူကူရယ်လာကိုပါ သေချာပေါက် ခေါ်ယူသွားနိုင်တော့မှာ ဖြစ်ပါတယ်။

Exit mobile version