ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ ချယ်လ်ဆီးအသင်းကတော့ လာမယ့်ဘောလုံးရာသီသစ်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားတောင့်တင်းနေစေဖို့အတွက် ဒေါ့မွန်အသင်းရဲ့ နော်ဝေကြယ်ပွင့် တိုက်စစ်ကစားသမား အာလင်းဟာလန်းကို အရခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိနေတဲ့အပြင် အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ကိုပါ အပြောင်းအရွေ့ရဲ့ တစိတ်တပိုင်းအဖြစ် ထည့်သွင်းကမ်းလှမ်းဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကြီးကို အရယူဆောင်နိုင်ခဲ့ပေမယ့်လည်း အသင်းရဲ့ တိုက်စစ်အစုအဖွဲ့က အရမ်းထက်မြက်မှု မရှိနေခဲ့တာကြောင့် ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ ထိပ်တန်းတိုက်စစ်မှူးတစ်ဦး အရခေါ်ယူသွားဖို့အတွက် ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာတော့ ချယ်လ်ဆီးအသင်းဟာ နော်ဝေတိုက်စစ်ကစားသမား ဟာလန်းကို အတော်လေး စိတ်ဝင်စားလျက်ရှိနေပြီး ခေါ်ယူဖို့အတွက် ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေလည်း ပြုလုပ်လျက်ရှိနေသလို တကယ်တမ်း ကမ်းလှမ်းလာရတော့မယ်ဆိုရင်လည်း ပြောင်းရွေ့ကြေးအဖြစ် ပေါင်သန်း(၁၇၀)လောက်နဲ့ပါ ကမ်းလှမ်းလာရနိုင်ပါတယ်။

Photo Credit : Daily Mail

ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းက အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး(၄၀)ဝန်းကျင်လောက်အထိ သွင်းယူပေးထားနိုင်တဲ့ အဓိက ကစားသမားတစ်ယောက်ကို အသင်းကနေ ရောင်းထုတ်မသွားချင်ပေမယ့်လည်း ချယ်လ်ဆီးဘက်ကနေ သန်း(၁၇၀)နဲ့သာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ကမ်းလှမ်းမှုကို လက်သင့်ခံသွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းကတော့ ဟာလန်းအတွက် ပေါင်သန်း(၁၀၀)ပတ်လည်အပြင် အသင်းရဲ့ အင်္ဂလန်တိုက်စစ်ကစားသမား အေဘရာဟမ်တို့ကို အလိုက်ပေးကမ်းလှမ်းသွားချင်နေတာဖြစ်လို့ ဒီကမ်းလှမ်းမှုကို ဒေါ့မွန်ဘက်က ပယ်ချနိုင်ဖွယ် ရှိနေပါတယ်။ ဒေါ့မွန်အသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ နောက်ထပ်အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကိုလည်း မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောင်းချသွားဖွယ် ရှိနေတဲ့အတွက် နောက်ထပ်ကြယ်ပွင့်ကစားသမားတစ်ဦးကိုတော့ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းသွားဖွယ် ရှိနေပါတယ်။ ချယ်လ်ဆီးဘက်ကတော့ ဟာလန်းကို မခေါ်ယူနိုင်ခဲ့ရင် လန်ဒန်မြို့ခံ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းကိုသာ ထပ်မံကမ်းလှမ်းဖွယ် ရှိနေပါတယ်။