ချယ်လ်ဆီးအသင်းကတော့ ဒီနောက်ပိုင်းပွဲစဉ်တွေမှာ သူတို့ရဲ့နံပါတစ်ဂိုးသမားဖြစ်သူ ကယ်ပါကို ပွဲထွက်ခွင့်မပေးတော့ပဲ သူတို့ရဲ့အရန်ဂိုးသမားဖြစ်တဲ့ ဝါရင့်အာဂျင်တီးနားဂိုးသမားကြီး ဝီလီကာဘယ်လာရိုကိုပဲ ပွဲစဉ်တွေတောက်လျှောက် ပြန်လည်အသုံးပြုလာခဲ့သလို ရာသီအကုန်မှာလည်း ကယ်ပါကို အသင်းကနေ ရောင်းထုတ်သွားဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းဟာ အသက်လက်တီကိုဂိုးသမား ဂျန်အော့ဘလက်ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးတချို့အပြင် ကယ်ပါကိုပါ အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Getty Images

စပိန်လက်ရွေးစင်ဂိုးသမားကယ်ပါဟာ ဘီလ်ဘာအိုအသင်းကနေ ချယ်လ်ဆီးအသင်းဆီ ဂိုးသမားတွေထဲကမှ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်ရ၁.၆သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပထမရာသီမှာတော့ ချယ်လ်ဆီးအတွက် အထူးလက်စွမ်းပြနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာ သူရဲဲ့လက်စွမ်းတွေက ကျဆင်းလာခဲ့ကာ အခုဆိုရင် ပွဲထွက်ကစားခွင့်တွေပါ ပျောက်ဆုံးလာခဲ့ရပြီဖြစ်ပါတယ်။ ဒီလို လက်စွမ်းမတည်မငြိမ်ဖြစ်လို့နေတဲ့ ကယ်ပါကို ရာသီအကုန်မှာ အသင်းကနေ စွန့်လွတ်လိုက်ဖို့ ချယ်လ်ဆီးနည်းပြလမ်းပတ်ကိုယ်တိုင် ဆန္ဒရှိနေလို့နေပြီး သူရဲ့နေရာအတွက်ကိုလည်း လက်ရှိကမ္ဘာ့အကောင်းဆုံးဂိုးသမားလို့ သတ်မှတ်ခံထားရတဲ့ အော့ဘလက်နဲ့ အစားထိုးချင်နေပါတယ်။

Photo Credit : Getty Images

အသက်၂၇နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဆလိုဗက်ကီးယားလက်ရွေးစင်ဂိုးသမား အော့ဘလက်ဟာ အသက်လက်တီကိုမက်ဒရစ်အသင်းမှာ အရမ်းကို လက်စွမ်းပြနေတဲ့ ဂိုးသမားဖြစ်လို့ သူ့ကို ဥရောပအသင်းပေါင်းများစွာကနေ မျက်စိကျလျက်ရှိနေပြီး ဒီထဲမှာ ချယ်လ်ဆီးအသင်းလည်း အပါအဝင်ဖြစ်လို့နေပါတယ်။ ချယ်လ်ဆီးအသင်းဟာ အော့ဘလက်ကို ခေါ်ယူဖို့ဆိုရင် ပြောင်းရွှေ့ကြေးကို ပေါင်သန်းတစ်ရာလောက်အထိ အသုံးပြုရဖွယ်ရှိနေလို့ ပေါင်၂၅သန်းနဲ့ သူတို့ရဲ့ဂိုးသမားကယ်ပါကိုပါ ပြောင်းရွှေ့ကြေးရဲ့ တစိတ်တပိုင်းအဖြစ် ပူးပေါင်းကမ်းလှမ်းဖွယ်ရှိနေပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ဘန်လေအသင်းရဲဲ့ အင်္ဂလန်လက်ရွေးစင်ဂိုးသမား နစ်ပုဒ်ကိုလည်း ပစ်မှတ်ထားနေတာဖြစ်လို့ ကယ်ပါရဲ့အနာဂတ်ကတော့ လာမယ့်နွေမှာ တိတိကျကျ သိရှိလာရနိုင်ပါတယ်။