MySport Myanmar

လက်စတာခံစစ်မှူး ဖိုဖာနာကို ယူရို ၈၃သန်းနဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမယ့် ချယ်လ်ဆီး

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ အဓိက ပစ်မှတ် လက်စတာ စီးတီး ဗဟိုခံစစ်မှူး ဖိုဖာနာ အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု အဖြစ် ယူရို ၈၃သန်းတန် ကမ်းလှမ်းမှု တရပ် ပြုလုပ်ဖို့ စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ဗဟိုခံစစ်နေရာ အတွက် ဖိုဖာနာကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပြီး ဖိုဖာနာ အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ပေါင် ၆၀သန်းနဲ့ ကမ်းလှမ်းခဲ့ရာ လက်စတာ စီးတီးက သူတို့အသင်းရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း ဆိုသလို ပယ်ချထားပါတယ်။

Photo Credit: Goal

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဖိုဖာနာက လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး လူငယ် ဗဟိုခံစစ်မှူး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ လက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ရော်ဂျာက ဖိုဖာနာ အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်မှ မရရင် ဖိုဖာနာကို မရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

လက်စတာ စီးတီးက ၂၀၁၉ခုနှစ်မှာ သူတို့အသင်းရဲ့ ဗဟိုခံစစ်မှူး မက်ဂွိုင်းယားကို မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်းနဲ့ ရောင်းချဖူးတာကြောင့် ယခုတခါ ဖိုဖာနာကို ချယ်လ်ဆီးဆီ ရောင်းချရာမှာလည်း အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း လိုချင်နေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဟာ ဖိုဖာနာ အတွက် လက်စတာ စီးတီးဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်းကို ပေးချေဖို့ တွန့်ဆုတ်နေပေမယ့် လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ဖိုဖာနာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၃သန်းတန် ကမ်းလှမ်းမှု တရပ် ပြုလုပ်ဖို့ ရှိနေကြောင်း သိရပါတယ်။

ဖိုဖာနာကတော့ လက်စတာ စီးတီးကနေ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ချင်နေပြီး အကယ်၍ သူ့အတွက် ချယ်လ်ဆီးဘက်က သင့်တော်တဲ့ ပြောင်းရွှေ့ကြေးတရပ်နဲ့ ကမ်းလှမ်းလာခဲ့လို့ လက်စတာ စီးတီးက သူ့ကို ရောင်းချဖို့ ငြင်းဆန်ခဲ့ရင် အသင်းကနေ ထွက်ခွာခွင့် တောင်းခံသွားမယ်လို့ နီးစပ်သူတွေက ပြောကြားထားပါတယ်။

Exit mobile version