နွေရာသီ အပြောင်းအရွှေ့စျေးကွက် နောက်ဆုံးနေ့ နောက်ဆုံးအချိန်ပိုင်းလေးမှာပဲ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ စပိန်ကွင်းလယ်ကစားသမား ဆာအူးလ်နီဂွက်ဇ်ဟာ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ နည်းပြသောမတ်စ်တူဟယ်လ် သဘောကျအောင် ကြိုးစားစွမ်းဆောင်ပြနိုင်ခဲ့တာကြောင့် ဒီတစ်ပတ်ထဲ အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာပဲ ဆာအူးလ်ကို စတင်သုံးစွဲလာဖွယ် ရှိနေပါတယ်။

Photo Credit : We Ain’t Got No History

အသက်(၂၆)နှစ်အရွှယ်ရှိ စပိန်ကွင်းလယ်ကစားသမား ဆာအူးလ်နီဂွက်ဇ်ဟာ အသက်လက်တီကိုအသင်းမှာ ၂၀၁၂ခုနှစ်ကတည်းက သူရဲ့စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး အသင်းနဲ့ နှစ်အတန်ကြာ ဖြတ်သန်းခဲ့ပေမယ့်လည်း နောက်ပိုင်းနှစ်တွေမှာ သူရဲ့ခြေစွမ်းပိုင်း ကျဆင်းလာမှုကြောင့် သူရဲ့အသက်လက်တီကို ကစားသမားဘဝက လှုပ်ခတ်လာခဲ့ရပြီး စျေးကွက်နောက်ဆုံးနေ့မှာပဲ အခုလို ချယ်လ်ဆီးအသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့ရတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ ဆာအူးလ်အတွက် တစ်ရာသီအငှား ခေါ်ယူခွင့်အဖြစ် ယူရို(၅)သန်း ပေးချေခဲ့ရသလို ယူရိုသန်း(၄၀)နဲ့ပါ အပြီးသတ် ခေါ်ယူခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုထားခဲ့ပြီး ခြေစွမ်းပိုင်း နှစ်သက်သဘောကျရင် အပြီးသတ် ခေါ်ယူမှာလည်း ဖြစ်ပါတယ်။

Photo Credit : The Sun

ဆာအူးလ်ဟာ နောက်ပိုင်းမှာ ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းနေခဲ့တာ ဖြစ်ပေမယ့်လည်း အသက်လက်တီကိုအသင်းနဲ့ ဘောလုံးအတွေ့အကြုံကောင်းတွေ များစွာရရှိထားသူ ဖြစ်သလို အောင်မြင်မှုများစွာလည်း ပိုင်ဆိုင်ထားသူဖြစ်လို့ ချယ်လ်ဆီးအသင်းမှာ အလျင်အမြန် အထိုင်ကျနိုင်ပြီး အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာလည်း အသင်းနည်းပြ တူဟယ်လ်ကိုပါ သဘောတွေ့အောင် စွမ်းဆောင်ပြနိုင်ခဲ့လို့ ဗီလာနဲ့ ပွဲစဉ်မှာပဲ ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားရဖွယ် ရှိလို့နေပါတယ်။ နောက်ပြီး ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဂျော်ဂျင်ဟိုနဲ့ ကန်တီတို့ကလည်း နိုင်ငံတကာ ရက်သတ္တပတ်အတွင်း သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေနဲ့ ပူးပေါင်းပါဝင်ထားတာကြောင့် ပွဲပန်းမှုဒဏ် ခံနေရနိုင်တာကြောင့် ဆာအူးလ်အတွက် ပွဲထွက်ကစားခွင့်ရဖို့ ပိုပြီးအခွင့်အလမ်းသာနေရတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နွေစျေးကွက်အတွင်း တိုက်စစ်မှူး လူကာကူနဲ့ ကွင်းလယ်ကစားသမား ဆာအူးလ် ဂိုးသမား ဘတ်တီနယ်လီတို့ကိုသာ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။