ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ ထိပ်သီး ပစ်မှတ် ကစားသမား ဖြစ်တဲ့ လေဗာကူဆင် အသင်းရဲ့ ကစားသမား ဖြစ်သူ ကိုင်ဟားဗက် ကို ခေါ်ယူနိုင်ဖို့ အတွက် လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ လိုအပ်နေတယ် လို့ ဂျာမန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက်၂၁နှစ်အရွယ် ဂျာမန် လူငယ် ကစားသမားလေး ဟားဗက်ဟာ လေဗာကူဆင်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ် လာခဲ့တဲ့ ကစားသမား ဖြစ်ပြီး အသက်၁၈နှစ် အရွယ်ကတည်းက အသင်းကြီးတွေရဲ့ ပစ်မှတ် ထား စောင့်ကြည့်ခြင်းကို ခံခဲ့ရသူ ဖြစ်ကာ လက်ရှိ ဘောလုံးရာသီမှာတော့ ဘွန်ဒက်လီဂါ ပွဲစဉ် ၃၀ပွဲ ပါဝင် ကစားထားရာမှာ သွင်းဂိုး ၁၂ဂိုး ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ခဲ့သူပါ။

Photo Credit: Standard

ဟားဗက်ဟာ ကွင်းလယ်တိုက်စစ် ၊ နောက်ချန် တိုက်စစ် ၊ ညာတောင်ပံ ၊ ဘယ်တောင်ပံနဲ့ အထောင် တိုက်စစ်မှူးအဖြစ် နေရာစုံမှာ ကစားနိုင်သူ ဖြစ်တာကြောင့် ချယ်လ်ဆီးအသင်း နည်းပြဖြစ်သူ လမ်းပတ်ရဲ့ သဘောကျ နှစ်ခြိုက်ခြင်း ကို ခံထားရသူ ဖြစ်ပြီး ချယ်လ်ဆီးအသင်းဟာ အသင်းမှာ ရှိတဲ့ ဂျာမန် ကစားသမားတွေ ဖြစ်ကြတဲ့ ရူဒီဂါ ၊ တီမိုဝါနာတို့ကို အသုံးချကာ ဟားဗက်ကို ခေါ်ယူဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ ဟားဗက် ကိုယ်တိုင်ကလည်း နွေရာသီ အပြောင်းအရွှေ့မှာ လေဗာကူဆင်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားထားသူ ဖြစ်ပြီး အဆိုပါ ကိစ္စရပ်အပေါ် လေဗာကူဆင်အသင်း ကလည်း အတည်ပြုပေးထားခဲ့ပါတယ်။ လက်ရှိ မှာတော့ ဟားဗက်ကို ခေါ်ယူဖို့အတွက် ဘိုင်ယန် မြူးနစ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့က ကြိုးစားနေကြပြီး ချယ်လ်ဆီးအသင်းဟာ ဟားဗက် ကို ခေါ်ယူနိုင်ဖို့ ပိုမို ရေပန်းစားနေပါတယ်။

Photo Credit: Standard

ဒါပေမယ့် ဂျာမနီရဲ့ နာမည်ကြီးသတင်းဌာန ဖြစ်တဲ့ BILD နဲ့ နာမည်ကျော် Football Inside သတင်းဌာနတို့ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီး အသင်းဟာ ဟားဗက်ကို ခေါ်ယူနိုင်ဖို့ အတွက် လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့ လိုအပ်တယ် လို့ သိရပါတယ်။ BILD သတင်းဌာနရဲ့ ဖော်ပြမှုအရ ချယ်လ်ဆီးအသင်းဟာ ဟားဗက်ကို ပြောင်းရွှေ့ကြေး ပေါင်၉၀သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်တဲ့ အနေအထား တစ်ရပ်မှာ ရှိနေပေမယ့် ဟားဗက်ဟာ ချယ်လ်ဆီးအသင်းက လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကို ပါဝင် ယှဉ်ပြိုင်ရဖို့ ကျိန်းသေသွားတဲ့ အနေအထားကို ရောက်မှသာ ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှု ကို လက်ခံမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် မန်ယူ ၊ လက်စတာ စတဲ့ အသင်းတွေနဲ့ အပြိုင် ဖြစ်နေပြီး လက်ကျန် ပွဲတွေမှာ ပွဲကြပ်တွေ ကစားရဖို့ ရှိနေတဲ့ လက်စတာ အသင်းကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ နီးစပ်နေတဲ့ အသင်းတစ်သင်းပါ။