ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ စပိန်လာလီဂါကလပ် ဆီဗီးလားအသင်းရဲ့ နောက်ခံလူ ခွန်ဒေကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပေမယ့် ခွန်ဒေကို မခေါ်ယူမီ အသင်းရဲ့ နောက်ခံလူ ဇူးမားအား ဦးစွာ ရောင်းထုတ်ဖို့ လိုအပ်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ သီယာဂို ဆေးလ်ဗား ၊ ရူဒီဂါ ၊ ခရစ်တန်ဆန်နဲ့ ဇူးမား စတဲ့ ဗဟိုနောက်ခံလူ လေးဦးကို ပိုင်ဆိုင်ထားပေမယ့် ဆေးလ်ဗားနဲ့ ရူဒီဂါ နှစ်ဦးထဲသာ တူချယ်လ်ရဲ့ ယုံကြည်မှုကို ရရှိထားသလို ဆေးလ်ဗားကလည်း အသက်အရွယ် ရလာပြီ ဖြစ်တာကြောင့် ထိပ်တန်း နောက်ခံလူ တဦး ဖြစ်သူ ခွန်ဒေကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။

Photo Credit: Goal

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ခွန်ဒေဟာ ပြီးခဲ့တဲ့ နှစ်ရာသီလုံး လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူ ၃ဦးစာရင်းကို ဝင်ခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးအသင်းဟာ ခွန်ဒေကို ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားနိုင်ပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ခွန်ဒေရဲ့ အပြောင်းအရွှေ့ အတွက် ဆီဗီးလားအသင်းနဲ့လည်း တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရဖို့ နီးစပ်နေသလို ခွန်ဒေရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို ၇၀သန်းနဲ့ ယူရို ၈၀သန်းကြား ရှိနိုင်ပါတယ်။

Photo Credit: Goal

ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ခွန်ဒေကို ခေါ်ယူနိုင်ဖို့ အတွက် အသင်းရဲ့ နောက်ခံလူ တဦး ဖြစ်သူ ဇူးမားကို မဖြစ်မနေ ရောင်းချဖို့ လိုအပ်နေပြီး ဇူးမားကို ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းခန့်နဲ့ ရောင်းချနိုင်မှသာ ခွန်ဒေကို ခေါ်ယူနိုင်မှာ ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

လက်ရှိမှာတော့ ဝက်စ်ဟမ်းအသင်းဟာ ဇူးမားကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ တရားဝင် ပြုလုပ်နေကာ ချယ်လ်ဆီးအသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိထားပြီး ဇူးမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရဖို့ ညှိနှိုင်းနေပြီ ဖြစ်တာကြောင့် ဇူးမားရဲ့ အပြောင်းအရွှေ့ဟာ ရက်ပိုင်း အတွင်း ဖြစ်ပေါ်လာဖွယ် ရှိပါတယ်။