ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ တတိယမြောက် နွေရာသီ ခေါ်ယူမှုကို ပြုလုပ်နိုင်ဖို့ အလွန်အမင်း နီးစပ်တဲ့ အနေအထားကို ရောက်ရှိနေပြီလို့ ဥရောပ အခြေစိုက် သတင်းမီဒီယာတွေက တစ်ပြိုင်နက်ထဲ ဖော်ပြသွားခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်မှာ အဆင့်၄နေရာကို ရယူနိုင်ခဲ့တာကြောင့် လာမယ့် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိထားတဲ့ ချယ်လ်ဆီး အသင်းဟာ သူတို့အသင်းရဲ့ တတိယမြောက် နွေရာသီ ခေါ်ယူမှုအဖြစ် ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဟားဗက်ကို ခေါ်ယူဖို့ ကြိုးစား နေတာ ဖြစ်ပြီး နောက်ဆုံး ရရှိထားတဲ့ သတင်းတွေ အရတော့ ချယ်လ်ဆီးအသင်းဟာ လေဗာကူဆင်အသင်းနဲ့ ပြောင်းရွှေ့ကြေးကို သဘောတူညီမှု ရဖို့သာ ကျန်ရှိတော့ကြောင်း သိရှိရပါတယ်။

Photo Credit: Express

အသက်၂၁နှစ်အရွယ် ဂျာမန် လူငယ် ကစားသမားလေး ဟားဗက်ဟာ လေဗာကူဆင် အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ် လာခဲ့တဲ့ ကစားသမား ဖြစ်ပြီး အသက်၁၈နှစ် အရွယ်ကတည်းက အသင်းကြီးတွေရဲ့ ပစ်မှတ် ထား စောင့်ကြည့်ခြင်းကို ခံခဲ့ရသူ ဖြစ်ကာ လက်ရှိ ဘောလုံးရာသီမှာတော့ ဘွန်ဒက်လီဂါ ပွဲစဉ် ၃၀ ပါဝင် ကစားထားရာမှာ သွင်းဂိုး ၁၂ဂိုး ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ခဲ့သူပါ။ ဒါ့ကြောင့် ချယ်လ်ဆီးအသင်းဟာ ဟားဗက်ကို ခေါ်ယူကာ သူတို့အသင်းရဲ့ ကစားသမား အင်အားကို တိုးချဲ့ဖို့ စဉ်းစားနေတာ ဖြစ်ပြီး နောက်ဆုံး ရရှိထားတဲ့ သတင်းတွေအရ ချယ်လ်ဆီးအသင်းဟာ ဟားဗက်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားကာ လေဗာကူဆင်အသင်းနဲ့ ဆွေးနွေးရာမှာလည်း သဘောတူညီမှု ရဖို့ လွန်စွာ နီးစပ်တဲ့ အနေအထားမှာ ရှိနေတယ် လို့ သိရပါတယ်။

Photo Credit: Express

နာမည်ကြီးသတင်းထောက် တစ်ဦး ဖြစ်တဲ့ Fabrizio Romano ရဲ့ အဆိုအရ ဟားဗက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ ချယ်လ်ဆီး အသင်းထံကို ပြောင်းရွှေ့ဖို့အတွက် လွန်စွာမှ စိတ်အား ထက်သန်နေကြောင်း သိရပြီး လေဗာကူဆင် အသင်း ကလည်း ဟားဗက်ကို အသင်း ကနေ ရောင်းချဖို့ ဆုံးဖြတ်ထားကြောင်း သိထားရပါတယ်။ ဒါပေမယ့် ဟားဗက်အတွက် လေဗာကူဆင်အသင်း အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေး ဟာ ဟားဗက်အတွက် ချယ်လ်ဆီးအသင်းက ပေးချေလိုနေတဲ့ ပြောင်းရွှေ့ကြေးနဲ့ အနည်းငယ် ကွာဟမှုတွေ ရှိနေကြောင်း ဂျာမန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ Romano ကတော့ ဟားဗက်ရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သတ်ပြီး လေဗာကူဆင်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ မကြာမီမှာပဲ သဘောတူညီမှု ရလိမ့်မယ်လို့ ယူဆထားပြီး ပြောင်းရွှေ့ကြေးဟာ ယူရို၈၀သန်းဝန်းကျင် ရှိလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။