ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းကြီးတစ်ယောက်ဖြစ်တဲ့ အီမန်နူရယ်ပီတစ်က သူရဲ့အသင်းအနေနဲ့ တိုက်စစ်ပိုင်း အင်အားမြင့်တင်နိုင်ဖို့အတွက် ဒေါ့မွန်အသင်းရဲ့ နော်ဝေကြယ်ပွင့် တိုက်စစ်ကစားသမား အာလင်းဟာလန်းကို အခု နွေစျေးကွက်အတွင်းမှာပဲ အရခေါ်ယူနိုင်ဖို့အတွက် မဖြစ်မနေ ကြိုးပမ်းသွားသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

သောမတ်စ်တူဟယ်လ်ရဲ့ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဥရောပချန်ပီယံလိဂ်ကိုပါ ရယူနိုင်ခဲ့တဲ့အထိ အောင်မြင်ထားခဲ့ပေမယ့်လည်း အသင်းရဲ့တိုက်စစ်ပိုင်းက သွင်းဂိုးတွေများစွာ သွင်းယူနိုင်ခြင်းမရှိတာကြောင့် နွေစျေးကွက်အတွင်းမှာ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူသွားဖို့ ချိန်ရွယ်နေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ ချယ်လ်ဆီးအသင်းဟာ အသင်းသားဟောင်း လူကာကူအပါအဝင် စပါးတိုက်စစ်မှူး ဟာရီကိန်းနဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဒီကစားသမားတွေထဲကမှ နော်ဝေကြယ်ပွင့်လေး ဟာလန်းကို အရခေါ်ယူသင့်တယ်လို့ အသင်းသားဟောင်း ပီတစ်က တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Eurosport

ပီတစ်က “ကျွန်တော်ကတော့ ရိုးရိုးရှင်းရှင်းလေးပဲ လုပ်ဆောင်ချင်ပါတယ်။ ဂျရူးက အသင်းကနေ ထွက်ခွာသွားဖို့ အစီအစဉ်ရှိနေသလို တမ်မီအေဘရာဟမ်ကလည်း အသင်းကနေ အငှားနဲ့ ထွက်ခွာရဖို့ ရှိနေတယ်။ တီမိုဗာနာကျတော့လည်း သွင်းဂိုးတွေကို ဆက်တိုက်သွင်းယူဖို့အတွက် ရုန်းကန်နေရတယ်။ ကိုင်းလ်ဟားဗက်ဇ်ကျတော့ တိုက်စစ်မှူးစစ်စစ် မဟုတ်ဘူး။ ဒါကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ သွင်းဂိုးတွေများစွာ သွင်းယူနိုင်မယ့် တိုက်စစ်ကစားသမားတစ်ဦးကို အလိုရှိနေရတာပါ။ ဒီအတွက် ဟာလန်းက အဖြေပါပဲ။ သူက သန်မာတယ်။ အားကောင်းတယ်။ ငယ်ရွှယ်ပြီး ကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့သူပါ။ ဟာလန်းရဲ့ လက်ရှိတန်ကြေးကတော့ အရမ်းကို မြင့်မားလွန်းနေတယ်ဆိုပေမယ့် သူနဲ့ တူဟယ်လ်တို့ကြားမှာ ရှိနေတဲ့ ဆက်ဆံရေးတွေကြောင့် ချယ်လ်ဆီးကို ရောက်လာနိုင်ခြေက မြင့်တတ်နေရပါတယ်။ သူက ချယ်လ်ဆီးအသင်းအတွက် အမှန်တကယ် လိုအပ်နေတဲ့ အဆုံးသတ်ကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး သူသာ အသင်းကို ရောက်လာခဲ့ရင် မောင့် ဟားဗက်ဇ် ပူလီဆစ် ဇီယက်ရှ်တို့နဲ့ တွဲဖက်ပြီး သွင်းဂိုးတွေများစွာ မြင်တွေ့ရလိမ့်မယ်လို့ ကျွန်တော်ထင်မိပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။