MySport Myanmar

အာဆင်နယ်ကြယ်ပွင့် မာတင်နယ်လီကို ချယ်လ်ဆီး စောင့်ကြည့်လျက်ရှိနေ

ချယ်လ်ဆီးအသင်းဟာ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား ဂါဘရီရယ်မာတင်နယ်လီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Premier League

အသက်(၂၁)နှစ်အရွယ်ရှိ ဘရာဇီးလ် လူငယ် တိုက်စစ်ကစားသမားလေး မာတင်နယ်လီဟာ ၂၀၁၉ခုနှစ်ကတည်းက ဘရာဇီးလ်ကလပ် အီတူအာနိုကနေ အာဆင်နယ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိ အာဆင်နယ်မှာ ဂျေဇူး ဆာကာတို့လို ကစားသမားတွေနဲ့ တွဲဖက်ကာ အသင်းတိုက်စစ်အတွက် အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်နေရပါတယ်။ အူဘာမီယန်း လာကာဇက်တို့လို စီနီယာ ကစားသမားကြီးတွေနဲ့ တွဲဖက်ကစားဖူးပြီး တိုက်စစ်နေရာအစုံမှာပါ ကစားတတ်သူဖြစ်တဲ့ မာတင်နယ်လီကို အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးက ခေါ်ယူသွားဖို့ အံ့အားသင့်စဖွယ် စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Goal

Daily Mail ရဲ့ ဖော်ပြချက်တွေအရ ပိုင်ရှင်အသစ် နည်းပြအသစ်နဲ့ ခရီးဆက်နေတဲ့ ချယ်လ်ဆီးအသင်းက အာဆင်နယ်မှာ တောက်ပလို့နေတဲ့ ဆမ်ဘာကြယ်ပွင့် မာတင်နယ်လီကို ခေါ်ယူသွားဖို့အတွက် စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ မာတင်နယ်လီ အပါအဝင် ဆာကာ ဆလီဘာတို့လို လူငယ်ကြယ်ပွင့် ကစားသမားလေးတွေကို အသင်းမှာ ကာလရှည်ကြာ ထားရှိသွားဖို့အတွက် စာချုပ်သစ်တွေ ပြင်ဆင်ထားပြီး မာတင်နယ်လီကိုယ်တိုင်ကလည်း သူ့ကို ယုံယုံကြည်ကြည်နဲ့ အသင်းမှာ နေရာပေးတဲ့ နည်းပြအာတီတာလက်အောက်မှာ ပါဝင်ကစားဖို့သာ ဆန္ဒရှိနေပါတယ်။ မာတင်နယ်လီက ဒီနှစ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် ပွဲတိုင်းနီးပါး ပါဝင်ထားခဲ့ရပြီး (၃)ဂိုး သွင်းယူထားသလို (၁)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ကြားမှာ ကစားသမား အရောင်းအဝယ်တွေ များစွာရှိခဲ့ကြပေမယ့်လည်း မာတင်နယ်လီလို အသင်းအတွက် အရေးပါလှတဲ့ ကစားသမားတစ်ဦးကိုတော့ အာဆင်နယ်အနေနဲ့ ရောင်းထုတ်ဖွယ် မရှိနိုင်ပဲ အသင်းမှာပဲ ကာလရှည်ကြာ ဆက်လက် ထိန်းသိမ်းထားဖွယ်သာ ရှိနေပါတယ်။

Exit mobile version