ယခုလက်ရှိ ဘောလုံးရာသီမှာ ချယ်လ်ဆီး အသင်းရဲ့ စိတ်ဓာတ်ဟာ ၂၀၁၅-၁၆ ရာသီတုန်းက ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ လက်စတာစီးတီး အသင်းရဲ့ စိတ်ဓာတ်မျိုးနဲ့ ဆင်တူနေတယ်လို့ ချယ်လ်ဆီး အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဘယ်ခြမ်း ခံစစ်ကစားသမား တစ်ဦး ဖြစ်တဲ့ ဘန်ချီဝဲလ် က ဖွင့်ဟပြောဆိုလိုက်ပါတယ်။ နည်းပြ ဖရန့်လမ်းပတ် ကိုင်တွယ်ထားတဲ့ ချယ်လ်ဆီး အသင်းအနေနဲ့ ကာရာဘောင်ဖလား ပြိုင်ပွဲမှာ စပါး အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်က လွဲရင် နောက်ဆုံး ကစားထားခဲ့တဲ့ ၁၇ ပွဲစလုံးမှာ ရှုံးနိမ့်ထားခြင်း မရှိတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဥ်တွေမှာလည်း ခြေစွမ်းကောင်းတွေပြသ ထားနိုင်နေသလို ဇယားရဲ့ ထိပ်ဆုံးမှာ ရှိတဲ့ စပါး အသင်း နဲ့ လီဗာပူး အသင်းတို့ထက် ၂ မှတ်လျော့အနေအထားနဲ့ တတိယ နေရာကနေ လိုက်လံ ဖိအားပေးနိုင်နေပါတယ်။

Photo Credit: Metro

ပြိုင်ဘက်အသင်းဖြစ်တဲ့ လီဗာပူး ရဲ့ နည်းပြ ဖြစ်သူ ဂျာဂျန်ကလော့ပ် ကိုယ်တိုင်ကပါ ချယ်လ်ဆီး အသင်းရဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြုပြီးတော့ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ချယ်လ်ဆီးအသင်းက ကိုင်မြှောက်နိုင်လိမ့်မယ်လို့ ခန့်မှန်း ပြောဆိုတာမျိုးတွေတောင် ရှိနေပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်က လက်စတာစီးတီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဖလား ကိုင်မြှောက်နိုင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ဘန်ချီဝဲလ် ကလည်း သူ့အနေနဲ့ ချယ်လ်ဆီး ကစားသမားတွေကြားမှာ လက်စတာဖလား ရခဲ့တုန်းက စိတ်ဓာတ်မျိုး ရှိနေတယ်လို့ ခံစားမိကြောင်း ဖွင့်ဆိုလာပါတယ်။ “ ကျွန်တော်တို့ ရှည်ရှည်ဝေးဝေးကို မျှော်မကြည့်ပါဘူး။ ကျွန်တော် အတော်လေး စိတ်ဝင်တစား ရှာတွေ့ခဲ့တာက ချယ်လ်ဆီး အသင်းရဲ့ ယုံကြည်မှုပါပဲ ”

Photo Credit: Metro

“ အဲ့ဒီယုံကြည်မှုကြောင့် အသင်းအနေနဲ့ ဘယ်အဆင့်မှာ မဆို ရှုံးနိမ့်ပြီး ထွက်ခွာသွားရလိမ့်မယ်လို့ မတွေးမိစေပါဘူး။ အဲ့ဒီယုံကြည်မှုမျိုး ရာသီကုန်တဲ့အထိ အသင်းမှာ ရှိနေဖို့ကိုလည်း မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့မှာ အသင်းကောင်း တစ်သင်း ရှိနေတာကြောင့်ပါ။ ကျွန်တော် လက်စတာ အသင်းနဲ့ အတူ ၂၀၁၆ ခုနှစ် ဖလားရခဲ့တဲ့အချိန်တုန်းက၊ အသက် ၁၈ နှစ် ၁၉ နှစ်လောက်နဲ့ အသင်းမှာ ရှိနေခဲ့ရတာဟာ ကံကောင်းတယ်လို့ ကျွန်တော် ခံစားမိခဲ့တုန်းက လက်စတာ ကစားသမားတွေဟာ ပွဲစဉ်တိုင်းကို သူတို့ နိုင်လိမ့်မယ် ဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ ကစားနေတာကို တွေ့ခဲ့ရတယ်။ အခု ချယ်လ်ဆီး နဲ့ မှာလည်း အဲ့ဒီလို ယုံကြည်မှုမျိုး ရှိနေတယ်လို့ ခံစားရတယ်။ ကျွန်တော်တို့ အနေနဲ့ ပွဲစဉ်တစ်ပွဲ ကစားတဲ့ အခါ၊ ငါတို့ ဒီပွဲတော့ မရှုံးနိုင်လောက်ဘူးလို့ ခံစားရတယ်။ အဲ့ဒါက ကောင်းတဲ့ အရာပါ။ ချယ်လ်ဆီး အသင်းအနေနဲ့ ဒီရာသီ အမှတ်ပေးဇယား နဲ့ ဆုဖလား တွေရရှိမယ်ဆိုတာကို ကျွန်တော် သိခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ကျွန်တော် ချယ်လ်ဆီး ကို ရောက်လာခဲ့တာပါ။ ကျွန်တော် အသက် ၂၃ နှစ်ရှိပါပြီ။ ဖလားရနိုင်မယ့် အသင်းမှာ ကစားရဖို့က ကျွန်တော့်အတွက် အရေးပါ ပါတယ်။ နည်းပြ အနေနဲ့လည်း အခု ပုံစံ ကနေ မချော်သွားအောင် လုပ်နေပါတယ်။ သူ ဘယ်လောက် ကြိုးစားအားထုတ်တယ်ဆိုတာကို ကျွန်တော်တို့ အားလုံး မြင်နိုင်ပါတယ် ” လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။