MySport Myanmar

အသင်းကနေ ထုတ်ပယ်ခံရမယ်ဆိုရင်တောင် အံ့အားသင့်မိမှာ မဟုတ်ဘူးလို့ ပေါ်တာ ဆို

ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက အသင်းရဲ့ ရလဒ်ပိုင်းတွေကြောင့် အသင်းဘုတ်အဖွဲ့ဝင်တွေက သူ့ကို အသင်းကနေ ထုတ်ပယ်လိုက်မယ်ဆိုရင်တောင် သူ့ဘက်က အံ့အားသင့်မိမှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

Photo Credit : Planet Football

ဘရိုက်တန်နည်းပြဟောင်း ပေါ်တာဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပွဲပေါင်း (၁၃)ပွဲ ကိုင်တွယ်ထားခဲ့ရာ နိုင်ပွဲ(၄)ပွဲသာ ရရှိထားခဲ့ပြီး (၅)ပွဲရှုံး (၄)ပွဲသရေကျထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၁၀)နေရာထိ ရောက်ရှိနေရတဲ့ ချယ်လ်ဆီးဟာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာဖြစ်တဲ့ top four နေရာကို ပြန်လည် ရောက်ရှိနိုင်ဖို့ ခက်ခဲနေခဲ့ရပြီဖြစ်လို့ တကယ်လို့ ဒီရာသီ ကုန်ဆုံးချိန်မှာ ချယ်လ်ဆီးက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရမယ်ဆိုရင်တောင် ချယ်လ်ဆီး ဘုတ်အဖွဲ့ဝင်တွေက နည်းပြပေါ်တာအပေါ်မှာ ယုံကြည်မှု ဆက်ပေးနိုင်လိမ့်မယ်လို့ Daily Mail ကနေ ဖော်ပြထားခဲ့ပေမဲ့ ပေါ်တာကိုယ်တိုင်ကတော့ သူရဲ့အနာဂတ် မရေမရာ ဖြစ်နေတာကို သိရှိထားလို့ ရုတ်တရက် ထုတ်ပယ်ခံရရင်တောင် မအံ့သြမိဘူးလို့ ဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

ယခင်တုန်းက ချယ်လ်ဆီးအသင်းကို ရုရှားသူဌေး ရိုမန်အေဘရာမိုဗစ် ပိုင်ဆိုင်စဉ်အတွင်း အသင်းမှာ ရလဒ်မကောင်းတာမျိုး ရှိလာခဲ့ရင် နည်းပြတစ်ဦးကို အလွယ်တကူ ထုတ်ပယ်လေ့ ရှိခဲ့ပေမဲ့ အခု တော့ဒ်ဘိုလီ လက်ထက်မှာတော့ နည်းပြပေါ်တာကို ထောက်ခံမှုတွေ ရှိနေတဲ့အပြင် အခု ဆောင်းဈေးကွက်ထဲမှာလည်း ကစားသမား ဖြည့်တင်းမှုတွေကိုပါ အင်တိုက်အားတိုက် လုပ်ဆောင်ပေးနေပါတယ်။ သူ့ကို အသင်းပိုင်ရှင်တွေ ဘုတ်အဖွဲ့ဝင်တွေက အပြည့်အဝ ထောက်ခံမှုတွေ ရှိနေတယ်ဆိုပေမယ့်လည်း အသင်းရဲ့ ရလဒ်ပိုင်းတွေကြောင့် သူ့ကို ရာထူးကနေ ထုတ်ပယ်လာခဲ့မယ်ဆိုရင် သူ့အနေနဲ့ ဒီဆုံးဖြတ်ချက်အပေါ်မှာ အံ့အားသင့်နေမှာ မဟုတ်သလို လက်ခံသွားမှာ ဖြစ်တယ်လို့ ဂရေဟမ်ပေါ်တာက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အသင်းပရိသတ်တွေကတော့ အသင်းရဲ့ ကစားသမား ဖြည့်တင်းမှုတွေကို အားရနေသလောက် အသင်းရဲ့ လက်ရှိ ရလဒ်တွေအပေါ်မှာတော့ လုံးဝ စိတ်တိုင်းမကျ ဖြစ်နေတဲ့အတွက် နည်းပြအပြောင်းအလဲ လုပ်ဆောင်စေချင်နေပြီး ချယ်လ်ဆီးဘက်ကတော့ ပေါ်တာကို ထုတ်ပယ်လိုက်ဖို့အတွက် အလျင်စလို လုပ်ဆောင်ဖွယ် မရှိပဲ အခုရာသီ ကုန်ဆုံးချိန်ထိလောက်တော့ စောင့်ကြည့်သွားဖွယ် ရှိနိုင်ပါတယ်။

Exit mobile version