ပရီးမီးယားလိဂ် အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီကို ခေါ်ယူဖို့ အသီးသီး စိတ်ဝင်စားနေကြကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၁နှစ် အရွယ် ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီဟာ ဘောလုံးစွမ်းရည် ပြည့်ဝတဲ့ ကစားသမား တဦး ဖြစ်ပြီး ဘယ်ခြေအားသန် ကစားသမား တဦး ဖြစ်တာကြောင့် ပြိုင်ဘက်တွေကို အလဲလဲ အပြိုပြို ဖြစ်အောင် စွမ်းဆောင်နိုင်သူပါ။

Photo Credit: Express

အန်တိုနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ အေဂျက်နဲ့အတူ စတင် တောက်ပလာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း အေဂျက်အတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲ ပါဝင်ကစားထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးက အန်တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး တဖက်မှာလည်း အေဂျက်နည်းပြ တန်ဟက်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စောင့်ကြည့်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ကို ခေါ်ယူဖြစ်ပါက အန်တိုနီကိုပါ တပါထဲ ခေါ်ဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနကလည်း ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက် နှစ်သင်းစလုံးဟာ အန်တိုနီရဲ့ ခြေစွမ်းကို အကဲခတ်ဖို့ ကင်းထောက်တွေကို စေလွှတ်ထားကြပြီး ချယ်လ်ဆီးက အန်တိုနီကို ခေါ်ယူဖို့ ပိုမို စိတ်ဝင်စားနေပေမယ့် အကယ်၍ မန်ချက်စတာ ယူနိုက်တက်ကသာ သူတို့ရဲ့ ကစားသမား ဖြစ်သူ ဂရင်းဝုဒ်ကို စာချုပ် ဖျက်သိမ်းခဲ့ပါက အန်တိုနီကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားလာနိုင်ကြောင်း ယနေ့မနက်ပိုင်းမှာပဲ ဖော်ပြလာခဲ့ပါတယ်။

အေဂျက်ကတော့ သူတို့ရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ အန်တိုနီကို ရောင်းချဖို့ စိတ်မဝင်စားပေမယ့် အကယ်၍ အန်တိုနီအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ်သာ ရောက်ရှိလာရင် လက်ခံ စဉ်းစားဖွယ် ရှိကာ အန်တိုနီအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း ဝန်းကျင် လိုချင်နေကြောင်းလည်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။