ပရီးမီးယားလိဂ် အင်အားကြီး အသင်းနှစ်သင်း ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ ပိုလန် တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ အပြိုင်အဆိုင် ချဉ်းကပ်နေကြောင်း ဂျာမန် သတင်းဌာနတွေနဲ့ အင်္ဂလန် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၃၂နှစ် အရွယ် ပိုလန်အသင်းနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသလို လက်ရှိမှာလည်း ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး အဖြစ် ဘောလုံး ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရပါတယ်။

Photo Credit: Daily Express

လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၂၃ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေသေးသူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ လီဝမ်ဒေါစကီးဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဘိုင်ယန်မြူးနစ်အသင်း ကနေ ထွက်ခွာချင်နေပြီး ပရီးမီးယားလိဂ် အသင်းတွေဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးနေကြောင်း သိထားရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း ကတော့ လီဝမ်ဒေါစကီးလို ထိပ်တန်း တိုက်စစ်မှူး တဦးကို လက်လွှတ်လိုခြင်း မရှိပေမယ့် အသင်းမှာ အသက် ၃၀ကျော်အရွယ် ကစားသမားတွေ များပြားနေမှုကို လျှော့ချဖို့ ဆန္ဒရှိတာကြောင့် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းခန့် ရရှိရင် လီဝမ်ဒေါစကီးကို ရောင်းချနိုင်ကြောင်း မြူးနစ်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

Photo Credit: Daily Express

တစ်ဖက်မှာတော့ ယခုနှစ်ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်လှမ်းထားနိုင်တဲ့ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်ထားတဲ့ အသင်းတွေ ဖြစ်ကြပြီး ဘိုင်ယန်မြူးနစ်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ လီဝမ်ဒေါစကီးကို အပြိုင်အဆိုင် ချဉ်းကပ်နေကြောင်း နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ ESPNက ဆိုပါတယ်။ လီဝမ်ဒေါစကီးနဲ့ နီးစပ်တဲ့ လူတွေကတော့ လီဝမ်ဒေါစကီးဟာ ချယ်လ်ဆီးအသင်းထက် သူ့ရဲ့ ဆရာဟောင်းဖြစ်သူ ဂွာဒီယိုလာ ရှိတဲ့ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်နေပြီး လီဝမ်ဒေါစကီးနဲ့ ဂွာဒီယိုလာတို့ ဆရာတပည့် နှစ်ဦးကို အတူတကွ ပြန်တွေ့ရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။