ဘောလုံးနယ်ပယ်အတွင်းမှာ ခြေစွမ်းပိုင်း အလွန်ထက်မြက်လွန်းတဲ့ ကစားသမားတွေ ထွက်ပေါ်လာတဲ့အခါ နာမည်ကျော် ကစားသမားတွေနဲ့ ခိုင်းနှိုင်းတင်စားလာတတ်ပါတယ်။ အဲ့ဒါကြောင့် မက်ဆီလက်သစ် ရော်နယ်ဒိုလက်သစ်ဆိုပြီး ကစားသမားလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာခဲ့တာဖြစ်ပြီး မီဒီယာတွေကနေ အလွန်အကျွံ ဖော်ပြလာမှုတွေကြောင့် ဒီလိုကစားသမားတွေရဲ့ ပုံရိပ်တွေက ထင်ထားတာထက်ကို မြင့်မားလာခဲ့ရတာဖြစ်ပါတယ်။ အခုလည်း အယ်ဂျီးရီးယားမက်ဆီလို့ တင်စားခေါ်ဆိုခံရတဲ့ ကစားသမားလေးတစ်ယောက် ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Photo Credit : Getty Image

အသက်(၂၄)နှစ်အရွှယ်ရှိ အယ်ဂျီးရီးယားလက်ရွေးစင် တောင်ပံကစားသမားလေး ဘန်ရာမာဟာ သူရဲ့ ပြောင်မြောက်လှတဲ့ ကစားဟန်တွေကြောင့် အယ်ဂျီးရီးယားမက်ဆီလို့ တင်စားခေါ်ဆိုခံလာရတာဖြစ်ပြီး အခုဆိုရင် ချယ်လ်ဆီးအသင်းကပါ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ချန်ပီယံရှစ်ကလပ် ဘရန့်ဖိုဒ့်အသင်းမှာ ပါဝင်ကစားနေတဲ့ ဘန်ရာမာကို ချယ်လ်ဆီးအသင်းနဲ့အပြိုင် အာဆင်နယ်နဲ့ စပါးအသင်းတို့ကနေလည်း စိတ်ဝင်စားနေကြတာဖြစ်ပြီး ပြောင်းရွှေ့ကြေးကို ပေါင်(၃၅)သန်းလောက်နဲ့ ကမ်းလှမ်းရဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ အသင်းရဲ့ ဝါရင့်တောင်ပံကစားသမားတွေဖြစ်သော ဝီလီယံနဲ့ ပတ်ဒရိုတို့(၂)ဦးကို အသင်းကနေ လက်လွတ်သွားဖွယ်ရှိနေတာကြောင့် အသင်းရဲ့တောင်ပံပိုင်းမှာ အိုဒွိုင်းနဲ့ ပူလီဆစ်တို့သာ ကျန်ရှိနေတော့မှာဖြစ်တဲ့အတွက် ဘန်ရာမာလို တောင်ပံကြယ်ပွင့် ကစားသမားကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ချယ်လ်ဆီးဟာ ဒေါ့မွန်အသင်းက အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို အဓိကပစ်မှတ်ထားနေတာဖြစ်ပေမယ့် ဆန်ချိုကို မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ကသာ ခေါ်ယူနိုင်ဖို့ အခြေအနေများနေတဲ့အတွက် လက်လျှော့လိုက်ရတာဖြစ်ပြီး ဆန်ချိုထက် ပြောင်းရွှေ့ကြေးပိုသက်သာတဲ့ နိုက်စ်ကစားသမားဟောင်း ဘန်ရာမာကိုပဲ မြှားဦးလှည့်လာခဲ့တာဖြစ်ပါတယ်။ အယ်ဂျီးရီးယား လက်ရွေးစင်အသင်းအတွက် (၃)ပွဲအထိကို ပါဝင်ကစားခဲ့ဖူးတဲ့ ဘန်ရာမာဟာ ဒီရာသီမှာ ဘရန့်ဖိုဒ့်အသင်းအတွက် ချန်ပီယံရှစ် (၃၄)ပွဲအထိ ကစားပေးခဲ့ကာ သွင်းဂိုး(၁၀)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။