MySport Myanmar

ဒိုင်နမို မော်စကို လူငယ်ကြယ်ပွင့် ဇာခါးယန်ကို တရားဝင် ကမ်းလှမ်းလိုက်တဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့် စုဆောင်းရေး စီမံကိန်း အတွက် ရုရှားကလပ် ဒိုင်နမို မော်စကိုရဲ့ လူငယ်ကြယ်ပွင့် ဇာခါးယန်ကို တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း နာမည်ကြီး သတင်းထောက် ဒီမာဇီယိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးနောက် ထိပ်တန်း ကစားသမားတွေ ခေါ်ယူကာ အသင်းကို အင်အားဖြည့်တင်းဖို့ ကြိုးစားနေသလို တဖက်မှာလည်း ခြေစွမ်းခြေစ ရှိတဲ့ လူငယ်ကြယ်ပွင့်တွေကို ပြောင်းရွှေ့ကြေး သက်သက်သာသာနဲ့ ခေါ်ယူပြီး မြေတောင်မြှောက်ပေးမယ့် အစီအစဉ်ကို အကောင်အထည် ဖော်နေပါတယ်။

Photo Credit: Sports Illustrated

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ စီနီယာအသင်း အတွက် ကူလီဘလီ ၊ စတာလင်းနဲ့ ကူကူရယ်လာတို့ သုံးဦးကို ခေါ်ယူထားသလို လူငယ်ကြယ်ပွင့် စုဆောင်းရေး စီမံကိန်း အတွက် ကာဆာဒီ ၊ ချူဟွေမီကာ ၊ ဆလိုနီနာ စတဲ့ အသက် ၁၈ ၊ ၁၉ ဝန်းကျင်သာ ရှိကြသေးတဲ့ လူငယ်ကြယ်ပွင့်တွေကို ပြောင်းရွှေ့ကြေး ယူရို ၄၂သန်း ဝန်းကျင် အထိ အသုံးပြုကာ ခေါ်ယူထားပါတယ်။

တဖက်မှာတော့ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ရုရှား လူငယ်ကြယ်ပွင့် ဇာခါးယန်ဟာ ဒိုင်နမို မော်စကိုရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမားကောင်း တဦး ဖြစ်ပြီး သူက ဗဟိုကွင်းလယ် ကစားသမား တဦး ဖြစ်ပေမယ့် ဒိုင်နမို မော်စကို အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၅၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၃ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၆ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Sports Illustrated

ဒါကြောင့်ပဲ ရုရှားသတင်းဌာနတွေက ဇာခါးယန်ကို အင်္ဂလန်ရဲ့ ဂန္တဝင် ကွင်းလယ်လူတွေ ဖြစ်တဲ့ လမ်းပတ် ၊ ဂျာရတ်တို့နဲ့ ခိုင်းနှိုင်းကာ ချီးကျူးမှုတွေ ပြုလုပ်ထားကြပြီး ချယ်လ်ဆီးကလည်း ခြေစွမ်းခြေစ ရှိတဲ့ ဇာခါးယန်ကို တခြားအသင်းကြီးတွေရဲ့ ရေဒါအောက် မရောက်ခင် ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ယနေ့မနက် အစောပိုင်းမှာပဲ ဇာခါးယန် အတွက် တရားဝင် ကမ်းလှမ်းမှု တကြိမ် ပြုလုပ်ခဲ့သလို ဇာခါးယန်ကို ခပ်မြန်မြန် ခေါ်ယူနိုင်အောင် အရှိန်မြှင့် ကြိုးပမ်းနေပြီး ချယ်လ်ဆီးအနေနဲ့ ဇာခါးယန်ကို ပြောင်းရွှေ့ကြေး ဘယ်လောက်နဲ့ ကမ်းလှမ်းခဲ့လဲ ဆိုတာကို အတိအကျ မသိရသေးကြောင်း သိရှိရပါတယ်။

Exit mobile version