ချယ်လ်ဆီးအသင်းကတော့ လာမယ့်ဘောလုံးရာသီအတွက် ဟာကင်ဇီယက်ရှ်နဲ့ တီမိုဝါနာတို့ကို ခေါ်ယူထားပြီးခဲ့ပြီ ဖြစ်ပေမယ့်လည်း ကစားသမားသစ်တွေ ခေါ်ယူမှုကိုတော့ ဆက်လက်လုပ်ဆောင်ဖို့ အစီအစဉ်ရှိနေသလို အသင်းရဲ့ ဂိုးပေါက်အတွက် အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ဂိုးသမားဂျန်အော့ဘလက်ကို အဓိကပစ်မှတ်ထားလို့နေကာ အသင်းရဲ့ဂိုးသမားကယ်ပါကိုပါ အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ်နဲ့ အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေတယ်လို့ Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Bleacher Report

ချုယ်လ်ဆီးအသင်းဟာ လာမယ့်စျေးကွက်အတွင်းမှာ အသင်းရဲ့စပိန်လက်ရွေးစင်ဂိုးသမား ကယ်ပါကို အသင်းနဲ့ လက်တွဲဖြုတ်ဖွယ်ရှိနေတာကြောင့် သူရဲ့နေရာအတွက် ဂိုးသမားတစ်ယောက်ကို ရှာဖွေလျက်ရှိနေပြီး အေဂျက်စ်ဂိုးသမားအိုနာနာ ဘန်လေဂိုးသမားနစ်ပုဒ်တို့နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိမှာ လက်ရှိကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ အော့ဘလက်ကိုသာ အဓိကပစ်မှတ်ထားလာခဲ့တယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် အော့ဘလက်ရဲ့လက်ရှိတန်ကြေးအရဆိုရင် အနည်းဆုံးယူရိုသန်းတစ်ရာလောက် ရှိနေတာကြောင့် ခေါ်ယူဖို့က လွယ်ကူဖွယ်တော့ မရှိပါဘူး။

Photo Credit : Daily Mail

အသက်(၂၇)နှစ် ဆလိုဗေးနီးယားလက်ရွေးစင် ဂိုးသမားအော့ဘလက်ဟာ အသက်လက်တီကိုအသင်းနဲ့ ၂၀၂၃ခုနှစ်အထိကို စာချုပ်သက်တမ်း ကျန်ရှိနေတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို စာချုပ်လျော်ကြေး ယူရိုသန်း(၁၂၀)အထိ စာချုပ်ချုပ်ဆိုထားသူလည်းဖြစ်ပါတယ်။ အသက်လက်တီကိုအသင်းကတော့ အသင်းရဲ့အမာခံဂိုးသမားတစ်ယောက်ကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားချင်နေပြီး မဖြစ်မနေ ရောင်းထုတ်ရမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေးကို ယူရိုသန်းတစ်ရာလောက်ရမှသာ ရောင်းချနိုင်တာကြောင့် ချယ်လ်ဆီးအနေနဲ့ အော့ဘလက်ကို ခေါ်ယူဖို့ ငွေကြေးပေါင်းခက်ခဲနိုင်တာကြောင့် အသင်းမှာ အနာဂတ်မရေမရာ ဖြစ်နေရတဲ့ ကယ်ပါကို အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ကယ်ပါဟာ လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ ပင်တိုင်ဂိုးသမားဖြစ်နေပေမယ့်လည်း နည်းပြဖရန့်လမ်းပတ်ကတော့ ကယ်ပါရဲ့တချက်တချက် အမှားကျူးလွန်မှုတွေအပေါ်မှာ စိတ်ပျက်လို့နေပြီး ဂိုးသမားအပြောင်းအလဲ ပြုလုပ်ချင်နေတာကြောင့် အော့ဘလက်ကို ပစ်မှတ်ထားနေတာဖြစ်သလို အရန်ဂိုးသမားအတွက်လည်း ဆောက်သမ်တန်ဂိုးသမား ဖော်စတာကို စိတ်ဝင်စားလို့နေပါတယ်။