ယူရို-၂၀၂ဝပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အီတလီအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမား ဖရက်ဒရစ်ကိုခီယေဇာကို လတ်တလောမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေခဲ့သလို ဂျာမန်သတင်းထောက်တစ်ဦးဖြစ်တဲ့ ခရစ္စတီယန်ဖက်ကလည်း ခီယေဇာကို ဘိုင်ယန်အပြင် ချယ်လ်ဆီးအသင်းကပါ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှုတွေပါ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Calcio Mercato

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဥရောပချန်ပီယံလိဂ် ဆုဖလားကြီးကိုပါ ရယူနိုင်ခဲ့သလို လာမယ့်ဘောလုံးရာသီမှာ ဒီထက်မက ပိုမိုအောင်မြင်စေဖို့အတွက် အသင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတဲ့ တိုက်စစ်ပိုင်းကို အားဖြည့်တင်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်တိုက်စစ်ကစားသမား အာလင်းဟာလန်းကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေတဲ့အပြင် ယူရိုပြိုင်ပွဲမှာ အီတလီအသင်းနဲ့အတူ အတော်လေး တောက်ပနိုင်ခဲ့တဲ့ ခီယေဇာကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာကြောင့် ယူရိုသန်းတစ်ရာနဲ့ပါ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ခရစ္စတီယန်ဖက်က ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Juvefc

အသက်(၂၃)နှစ်အရွှယ်ရှိ ယူရိုချန်ပီယံ ခီယေဇာဟာ ဖီအိုရင်တီးနားလူငယ်အသင်းကနေ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး လူငယ်အသင်းမှာ ဆယ်နှစ်နီးပါးလောက် ပါဝင်ကစားအပြီး ၂၀၁၆ခုနှစ်မှာပဲ အသင်းကြီးမှာ ကစားခွင့်ရလာခဲ့ပါတယ်။ စီနီယာအသင်းအတွက် ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီးနောက်ပိုင်း ခြေစွမ်းတွေ ပြသလာနိုင်ခဲ့တဲ့ ခီယေဇာကို အီတလီလက်ရွေးစင်အသင်းကနေပါ ရွေးချယ်ခဲ့ပြီး စီးရီးအေကလပ်အသင်းတွေ အပါအဝင် ပြည်ပထိပ်တန်း ကလပ်အသင်းတွေကနေလည်း ပစ်မှတ်ထားလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဂျုဗင်တပ်စ်အသင်းက လက်ဦးမှု ရယူနိုင်ခဲ့ပြီး ခီယေဇာကို ဖီအိုရင်တီးနားကို (၂)နှစ်အငှားစာချုပ်+အငှားစာချုပ် ပြည့်ချိန်မှာ ယူရိုသန်း(၄၀) အပိုဆုကြေး ယူရို(၁၀)သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ အရခေါ်ယူခဲ့ပါတယ်။ တောင်ပံတွေမှာ လျင်လျင်မြန်မြန်နဲ့ နည်းစနစ်ကောင်းကောင်း ကစားနိုင်တတ်တဲ့ ခီယေဇာဟာ အီတလီနဲ့အတူ ယူရိုမှာပါ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တာဖြစ်လို့ သူ့ကို ချယ်လ်ဆီးအသင်းက ခေါ်ယူချင်လာခဲ့တာဖြစ်ပြီး ယူရိုသန်းတစ်ရာနဲ့ပါ ကမ်းလှမ်းခဲ့ပေမယ့် ဂျုဗင်တပ်စ်ဘက်က ဒီကမ်းလှမ်းချက်ကို ချက်ချင်းပယ်ချသွားခဲ့တယ်လို့ သိရှိရပါတယ်။