ချယ်လ်ဆီးအသင်းရဲ့နည်းပြ သောမတ်စ်တူဟယ်လ်ကတော့ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို ပိုပြီးတောင့်တင်းလှတဲ့ တိုက်စစ်တစ်ခုအဖြစ် တည်ဆောက်သွားဖို့ တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူသွားဖို့ စီစဉ်လျက်ရှိနေရာ လတ်တလောမှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်ဂိုးသွင်းစက်ကြီး ရောဘတ်လီဝန်ဒေါစကီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချိတ်ဆက်မှုတွေပါ လုပ်ဆောင်ထားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက ဂျာမနီတိုက်စစ်မှူး တီမိုဝါနာကို လိုက်ပ်ဇစ်အသင်းကနေ ခေါ်ယူခဲ့ပေမယ့်လည်း ဝါနာက အသင်းရဲ့တိုက်စစ်မှာ အားထားရလောက်တဲ့ စွမ်းဆောင်ရည်မျိုးကို မပြသနိုင်ခဲ့တာကြောင့် နောက်ထပ်တိုက်စစ်မှူးတွေကို ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့နောက်ထပ်တိုက်စစ်မှူးတွေဖြစ်တဲ့ တမ်မီအေဘရာဟမ်နဲ့ အိုလီဗာဂျရူးတို့ကလည်း နွေစျေးကွက်အတွင်းမှာ အသင်းကနေ အသီးသီး ထွက်ခွာကြတော့မှာဖြစ်တာကြောင့် ချယ်လ်ဆီးဘက်ကနေ တိုက်စစ်မှူး အနည်းဆုံး တစ်ယောက်ခန့်လောက်ကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ဒီလို တိုက်စစ်မှူး အလိုရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ ဒေါ့မွန်ကြယ်ပွင့် အာလင်းဟာလန်း ကစားသမားဟောင်း အင်တာတိုက်စစ်မှူး လူကာကူတို့အပြင် စပါးနဲ့ လမ်းခွဲတော့မယ့် ဟာရီကိန်းအထိ ပစ်မှတ်ထားနေသလို ဒီနှစ်ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒစ်လီဂါသွင်းဂိုး (၄၀)အထိပါ သွင်းယူထားတဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးကိုပါ ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဗြိတိန်နဲ့ ဂျာမနီမီဒီယာတချို့ရဲ့ ဖော်ပြချက်တွေမှာတော့ ချယ်လ်ဆီးအသင်းဟာ လီဝန်ဒေါစကီးကို ခေါ်ယူဖို့အတွက် ဒီရက်ပိုင်းအတွင်းမှာပဲ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမားကြီးဟာ အသက်(၃၀)ကျော်နေပေမယ့်လည်း သူရဲ့စွမ်းဆောင်ရည်တွေကတော့ အံ့မခန်းကောင်းမွန်နေသေးတာကြောင့် သူ့ကို ချယ်လ်ဆီးအပြင် ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတွေကပါ ပစ်မှတ်ထားလို့နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဘက်ကတော့ သူတို့ရဲ့ အဓိကကြယ်ပွင့် ကစားသမားတစ်ယောက်ကို ရောင်းထုတ်သွားဖို့ အစီအစဉ်မရှိပဲ မဖြစ်မနေသာ ရောင်းထုတ်ရမယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၇၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းလာမှသာ လက်ခံသွားဖွယ် ရှိနေပါတယ်။