ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အတွက် ရေပန်းစားနေတဲ့ ချယ်လ်ဆီးအသင်း ကတော့ အဓိက ကစားသမား အများစု ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ရာသီဝက်ကာလ ပြီးဆုံးချိန်မှာပဲ ချန်ပီယံဖြစ်ရေး အိမ်မက်ကို လက်လွှတ်ရဖို့ အတော်လေးကို နီးစပ်သွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာ စီးတီးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ယူပြီးနောက် တောက်လျှောက်ဆိုသလို ရလဒ်ကောင်းတွေ ရရှိခဲ့တဲ့ အသင်းတသင်း ဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်၁နေရာကိုလည်း အချိန်အတော်ကြာ သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ နိုဝင်ဘာလ ကုန်ခါနီးမှာပဲ ကံဆိုးမှုတွေနဲ့ စတင် ကြုံတွေ့လာရပြီး ပထမဦးဆုံး အနေနဲ့ အသင်းရဲ့ အဓိက ဘယ်နောက်ခံလူ ဘန်ချီဝဲလ်က ပြင်းထန်တဲ့ ဒူးခေါင်းဒဏ်ရာကို ရရှိခဲ့ပါတယ်။

ဘန်ချီဝဲလ်ဟာ ဒူးခေါင်းဒဏ်ရာ မရခင်မှာ ချယ်လ်ဆီးအသင်း အတွက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် သူ့ကို လက်လွှတ်ခဲ့ရတာက ချယ်လ်ဆီးအသင်း အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တခု ဖြစ်ခဲ့သလို ဘန်ချီဝဲလ်က သူ့ရဲ့ ဒဏ်ရာကို ခွဲစိတ်ကုသဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ ချယ်လ်ဆီးအသင်း အတွက် ကစားပေးနိုင်တော့မှာ မဟုတ်ပါဘူး။

Photo Credit: Express

ဘန်ချီဝဲလ် တယောက် ဒဏ်ရာရခဲ့ပြီးနောက် ချယ်လ်ဆီးအသင်း အတွက် ကံဆိုးမှုတွေက ဆက်တိုက် ဆိုသလို ရောက်လာခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ လူကာကူ ၊ တီမိုဝါနာ ၊ ကိုင်ဟားဗက် ၊ ကန်တေ စတဲ့ ကစားသမားတွေ အားလုံးလည်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ကံဆိုးမှုတွေဟာ မကုန်ဆုံးသေးပဲ ယနေ့မနက်ပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၁-၁ ဘန်လေပွဲစဉ်မှာလည်း ချယ်လ်ဆီးအသင်းရဲ့ အားကိုးရတဲ့ ညာနောက်ခံလူ ရစ်စီဂျိမ်းစ်နဲ့ ဗဟိုနောက်ခံလူ ခရစ်တန်ဆန်တို့ ဒဏ်ရာ အသီးသီး ရရှိသွားခဲ့ကြပြီး ရစ်စီဂျိမ်းစ်က ပေါင်တွင်းကြောဒဏ်ရာ ရရှိသွားတာကြောင့် ကာလရှည် အနားယူရဖို့ ရှိနေပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ချယ်လ်ဆီးအသင်းဟာ လာမယ့် ပွဲစဉ်တွေကို အသင်းရဲ့ အဓိက ကစားသမား ၅ဦးခန့် မပါပဲ ယှဉ်ပြိုင်ရဖို့ ရှိနေပြီး ပရီးမီးယားလိဂ် ပွဲစဉ်၂၀ ပြီးဆုံးချိန်မှာ အမှတ်ပေးဇယား ထိပ်ဆုံးက မန်ချက်စတာ စီးတီးအသင်းနဲ့ ရမှတ် ၈မှတ် အထိ ကွာဟသွားတာကြောင့် သူတို့အသင်းရဲ့ ချန်ပီယံအိမ်မက်က ဝေဝါးသွားပြီ လို့ ဆိုရတော့မှာပါ။