ချယ်လ်ဆီးအသင်းက အဲဗာတန်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ကစားသမား(၉)ယောက်တည်းနဲ့ ကစားနေသလို ဖြစ်ခဲ့ရပြီး အသင်းရဲ့ဂျာမန်ကစားသမား(၂)ယောက်ဖြစ်တဲ့ တီမိုဝါနာနဲ့ ကိုင်းလ်ဟားဗက်ဇ်တို့က အဲ့ဒီပွဲအတွင်း အသင်းအတွက် စိတ်ကျေနပ်လောက်စရာ ဘာစွမ်းဆောင်မှုကိုမှ မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ချယ်လ်ဆီးကစားသမားဟောင်းကြီး တိုနီကာဆာရီနိုက ဝေဖန်ပြစ်တင် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ်အသင်းကို (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်းကတည်းက ပြိုင်ပွဲစုံ(၁၄)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် အကောင်းဆုံးပုံစံနဲ့ စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပေမယ့်လည်း အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာတော့ ကွင်းလယ်ကစားသမား ဆီဂတ်ဒ်ဆန်ရဲ့ တစ်လုံးတည်းသော ပင်နယ်တီသွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီး (၁၄)ပွဲဆက်တိုက် ရှုံးပွဲမရှိထားတဲ့ Form ကောင်းတစ်ခုလည်း ရပ်တန့်သွားခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ ဂျာမန်တိုက်စစ်ကစားသမား(၂)ယောက်ဖြစ်တဲ့ ဝါနာနဲ့ ဟားဗက်ဇ်တို့နှစ်ယောက်လုံးဟာ အသင်းရဲ့တိုက်စစ်အတွက် ဘာမှသိပ်မစွမ်းဆောင်နိုင်ခဲ့ပဲ ရုန်းကန်ခဲ့ရတာကြောင့် အသင်းက ကစားသမား(၉)ဦးတည်းနဲ့သာ ကစားနေသလို ဖြစ်ခဲ့ရတယ်လို့ ကာဆာရီနိုက မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit : The Sun

ကာဆာရီနိုက “တီမိုဝါနာက ဒီပွဲမှာ ရုန်းကန်နေရပြီး အသင်းအတွက် ဂိုးမသွင်းနိုင်ပေးတာကလည်း အခုဆိုရင် (၆)ပွဲအထိကို ရှိလို့နေပါပြီ။ ကျွန်တော် သူ့ကို ရန်းစ်နဲ့ပွဲမှာလည်း စောင့်ကြည့်သေးတယ်။ လက်ရှိမှာ သူရဲ့ခြေစွမ်းက အတော်လေးကို ဆိုးရွှားလို့နေတယ်။ သူက အသင်းမှာ အလျင်အမြန် အထိုင်ကျတယ်။ အရင်အသင်းနဲ့တုန်းကလည်း သွင်းဂိုးမှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ရတယ်။ ဒီလိုပုံစံကောင်းတွေကို ချယ်လ်ဆီးမှာ ပြန်လည်ပြသနိုင်ဖို့ မျှော်လင့်မိတယ်။ ကိုင်းလ်ဟားဗက်ဇ်ကတော့ မနေ့ညကပွဲမှာ တော်တော်လေးကို ခက်ခက်ခဲခဲ ကစားနေရတယ်။ မနေ့ညကပွဲမှာ ချယ်လ်ဆီးကို ကစားသမား(၉)ယောက်တည်းနဲ့ ကစားနေရသလားလို့တောင် ကျွန်တော်ခံစားထင်မြင်မိခဲ့တယ်။ ကျွန်တော် ဒီကစားသမားတွေကို ဘာမှအားစိုက်ထုတ် မကစားဘူးလို့ ပြောဆိုခြင်းမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်လုံးက အသင်းအတွက်တော့ ဘာမှမလုပ်ဆောင်နိုင်ခဲ့ပါဘူး။ သူတို့နဲ့အတူ ဂျရူးကလည်း ဘာအခွင့်အရေးကိုမှ မရရှိခဲ့ပါဘူး” လို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။ ဒီရာသီကမှ ချယ်လ်ဆီးကို ရောက်ရှိလာခဲ့ကြတဲ့ ဟားဗက်ဇ်နဲ့ ဝါနာတို့ဟာ အသင်းအတွက် ပွဲအများစုမှာ ပါဝင်ကစားနေရသူတွေဖြစ်ပြီး ဝါနာက သွင်းဂိုး(၆)ဂိုး သွင်းယူထားလို ဟားဗက်ဇ်ကတော့ (၄)ဂိုးသွင်းယူထားခဲ့ပါတယ်။