ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက ချယ်လ်ဆီးအသင်းကနေ အက်စတွန်ဗီလာအသင်းဆီကို တစ်ရာသီအငှားချခဲ့တဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ရိုစ့်ဘာကလေကို အသင်းကနေ အပြီးသတ်ရောင်းချသွားမှာမဟုတ်ပဲ ကစားသမားရဲ့ အနာဂတ်က ချယ်လ်ဆီးမှာ ဆက်လက်ရှိနေသလို လာမယ့်ဘောလုံးရာသီအတွင်းမှာလည်း ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ဘာကလေကို အသင်းအတွက် ပြန်လည်အသုံးပြုဖွယ်ရှိတယ်လို့ 90Min သတင်းမီဒီယာကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : 90Min

အသက်(၂၆)နှစ်အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား ဘာကလေဟာ သူရဲ့ချယ်လ်ဆီးအသင်းမှာ နေရာရဖို့အတွက် အတော်လေးကို ရုန်းကန်နေရတဲ့အပြင် အသင်းကလည်း ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းက လေဗာကူဆင်အသင်းရဲ့ ဂျာမန်ကွင်းလယ်လူ ကိုင်းလ်ဟားဗက်ဇ်ကိုပါ ခေါ်ယူခဲ့တာကြောင့် သူ့အတွက် နေရာမရှိနိုင်တော့တဲ့ ချယ်လ်ဆီးကနေ ဗီလာအသင်းဆီကို အငှားနဲ့ ထွက်ကစားခဲ့တာဖြစ်ပါတယ်။ ဘာကလေဟာ ဗီလာအသင်းမှာတော့ ခြေစွမ်းကောင်းတွေ ပြသလို့နေပြီး ဗီလာအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း(၆)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ (၁)ဂိုးသွင်း (၁)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

အဲဗာတန်ကွင်းလယ်ကစားသမားဟောင်း ဘာကလေဟာ ဗီလာအသင်းမှာ တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ ဂျက်ဂရီးလစ်ရှ် အိုလီဝက်စ်ကင်တို့နဲ့အတူ တွဲဖက်ခြေစွမ်းပြလျက်ရှိနေပြီး ဗီလာပတ်ကွင်းမှာ လီဗာပူးလ်အသင်းကို (၇)ဂိုး(၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း အသင်းရဲ့ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းအတွက် ဘာကလေက အကောင်းဆုံးမောင်းနှင်သွားနိုင်ခဲ့ပါတယ်။ ဘာကလေကတော့ လာမယ့်နှစ်မှာ ကျင်းပသွားတော့မယ့် ယူရို-၂၀၂ဝပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ ပါဝင်ဆင်နွဲချင်တဲ့အတွက် သူ့ကို ပွဲထွက်ခွင့်တွေ သိပ်မပေးနိုင်တော့တဲ့ ချယ်လ်ဆီးကနေ အက်စတွန်ဗီလာအသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ ဘာကလေဟာ သူရဲ့ဗီလာကစားသမားဘဝ (၅)ပွဲဆက်တိုက်ကို မိနစ်(၉၀)ပြည့် ပါဝင်ကစားသွားနိုင်ခဲ့ပြီး ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်အတွင်းမှာပဲ ပွဲပြီးခါနီးမှသာ ပါဝင်ခဲ့ရပါတယ်။ ဒီလိုခြေစွမ်းကောင်းတွေ ပြန်လည်ပြသနေတဲ့ ဘာကလေကို ဗီလာဘက်ကနေ အပြီးသတ်ခေါ်ယူသွားဖို့ ဆန္ဒရှိလို့နေပေမယ့်လည်း ချယ်လ်ဆီးနည်းပြလမ်းပတ်ကတော့ သူ့အသင်းသားကို အပြီးသတ်ရောင်းချမှု လုံးဝမပြုလုပ်သွားချင်ပဲ လာမယ့်ဘောလုံးရာသီမှာ အသင်းဆီ ပြန်လည်ခေါ်ယူသွားဖွယ်သာ ရှိလို့နေပါတယ်။ ၂၀၁၈ခုနှစ်ကမှ အဲဗာတန်ကနေ ချယ်လ်ဆီးကို ရောက်ရှိလာခဲ့တဲ့ ဘာကလေဟာ ချယ်လ်ဆီးနဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူလည်းဖြစ်ပါတယ်။