MySport Myanmar

Free agent ဖြစ်တော့မယ့် မီလန်နောက်ခံလူ ရိုမက်ဂ်နိုလီကို ချယ်လ်ဆီး ပစ်မှတ်ထားနေ

လာမယ့်နွေမှာ ခံစစ်တစ်တန်းလုံးနီးပါး လက်လွတ်သွားရဖွယ် ရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ခံစစ်ပိုင်းကို ပြန်လည် အင်အားဖြည့်တင်းဖို့အတွက် အေစီမီလန် နောက်ခံကစားသမား ရိုမက်ဂ်နိုလီကို နွေစျေးကွက်ထဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ အစီအစဉ် ရှိနေတယ်လို့ Metro သတင်းဌာနကနေ ဖော်ပြသွားခဲ့ပါတယ်။

ဗဟိုခံစစ်မှူးနှစ်ဦးဖြစ်တဲ့ ရူဒီဂါ ခရစ္စတန်ဆန်အပြင် အသင်းခေါင်းဆောင် ညာနောက်ခံ ကစားသမားကြီး အက်ဇ်ပီလီကွယ်တာနဲ့ ဘယ်နောက်ခံလူ အလွန်ဆိုတို့ကို လက်လွတ်သွားရတော့မယ့် ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ခံစစ်တန်းအတွက် ကစားသမားသစ် ပြန်လည်ခေါ်ယူမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေရာ အခုလက်ရှိမှာတော့ အေစီမီလန်အသင်းရဲ့ အီတလီနောက်ခံလူ ရိုမက်ဂ်နိုလီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။ အသက်(၂၇)နှစ်အရွှယ်ရှိ နောက်ခံလူ ရိုမက်ဂ်နိုလီဟာ မီလန်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦး ဖြစ်ပေမယ့်လည်း လာမယ့် ဇွန်လ(၃၀)ရက်နေ့မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဗဟိုခံစစ်မှူးတစ်ဦးဖြစ်တဲ့ ရိုမက်ဂ်နိုလီဟာ ရိုးမားလူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ဆမ်ဒိုးရီးယားအသင်းမှာလည်း အငှားနဲ့ ပါဝင်ကစားခဲ့ဖူးသူဖြစ်သလို ၂၀၁၅ခုနှစ်မှာပဲ မီလန်အသင်းဆီကို ယူရို(၂၅)သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဘယ်ခြေအားသန်တဲ့ ခံစစ်မှူး ရိုမက်ဂ်နိုလီဟာ လက်ရှိမှာ မီလန်နဲ့ ဘောလုံးရာသီ (၇)ရာသီအထိ ဖြတ်သန်းထားခဲ့ဖူးပြီး သူ့ကို မီလန်ဘက်ကနေ တစ်နှစ်လုပ်ခ ယူရို(၂.၈)သန်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားခဲ့ပေမယ့် ရိုမက်ဂ်နိုလီဘက်ကနေ ဒီကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချထားခဲ့ပြီး ယူရို(၆)သန်းဝန်းကျင်လောက်အထိ အလိုရှိတယ်လို့ တုံ့ပြန်ထားခဲ့ပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ ရိုမက်ဂ်နိုလီကို ချယ်လ်ဆီးအသင်းဘက်က စောင့်ကြည့်လာခဲ့ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ရော ကစားသမား အလိုရှိနေတဲ့ လစာပမာဏကို ပေးချေသွားဖို့ပါ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ center back နေရာအတွက် လာလီဂါ နောက်ခံလူတွေဖြစ်တဲ့ ခွန်ဒယ်နဲ့ ပါအူတောရက်စ်တို့ကိုပါ ပစ်မှတ်ထားလျက် ရှိနေပေမယ့် ဒီကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေးတွေ အလွန်မြင့်မားနိုင်တာကြောင့် ရိုမက်ဂ်နိုလီလို ခံစစ်အတွေ့အကြုံကောင်းတွေ ကြွယ်ဝနေသူကိုသာ အလွတ်ပြောင်းရွှေ့့ကြေးနဲ့ အရင်ခေါ်ယူဖွယ် ရှိနေပါတယ်။

Exit mobile version